Connect with us

MYANMAR

ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသား ၁,၈၀၀ ခန့်ကို သီတင်းပတ် သုံးပတ်အတွင်း ပြန်လည်ခေါ်ယူရန် စီစဉ်ထား 

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား ၁,၈၀၀ ခန့်ကို လာမည့် ရက်သတ္တပတ် သုံးပတ်အတွင်း ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်လျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“ဇူလိုင်လ ၁၄ ရက်နောက်ပိုင်းမှာ စီစဉ်ထားတဲ့ ကယ်ဆယ်ရေးလေယာဉ်တွေက လူပေါင်း ၁,၈၀၀ လောက်ကို ပြန်ခေါ်ဖို့အတွက် လျာထားပါတယ်။ တစ်ချို့ လေယာဉ်တွေက ရက်တွေ သတ်မှတ်တာတော့ Confirm မဖြစ်သေးဘူး။ ဒါပေမယ့် လူဦးရေကတော့ အဲလောက် နီးပါးတော့ ပြန်ခေါ်ဖို့ ရှိပါတယ်။ အခု ၇ လပိုင်း နှစ်ပတ် ရှိမယ်။ ၈ လပိုင်း တစ်ပတ်ရယ် စုစုပေါင်း သုံးပတ်အတွင်းမှာ လျာထားတဲ့ အခြေအနေကို ပြောတာပါ။ Flights ၁၃ စီးလောက်ကို လျာထားတယ်။ လိုက်မယ်လို့ စာရင်းပေးထားတဲ့သူတွေကတော့ စုစုပေါင်း ၁,၈၀၀ လောက် ရှိမယ်။ နိုင်ငံတွေကတော့ ပုံမှန်တွေပါပဲ ။ မလေးရှား ၊ စင်ကာပူ ၊ ဩစတြေးလျ ၊ ကိုရီးယား ရှိမယ်။ ထူးထူးခြားခြားဆိုရင် ဂျော်ဒန်က အလုပ်သမားတွေ ပြန်ခေါ်ဖို့ ရှိမယ်။ လက်ရှိမှာတော့ ၈ နိုင်ငံလောက် ရှိမယ်။ Flight က Confirm ဖြစ်တာက ခုလာမည့်အပတ်ပဲ Confirm ဖြစ်နေသေးတယ်။ ဒီလနောက်ဆုံးပတ်နဲ့ ဩဂုတ်လ ပထမအပတ်ကတော့ Confirm မဖြစ်သေးဘူး ။ လျာထားတုန်းပဲ ရှိနေသေးတယ်။  ဒီအပတ်ထဲမှာ Confirm ဖြစ်ထားတာ ၅ နိုင်ငံလောက် ရှိတယ်။ မလေးရှား ၊ စင်ကာပူ ၊ ဂျော်ဒန် ၊ ဩစတြေးလျ နဲ့ ကိုရီးယားကပါ ။”ဟု ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က နိုင်ငံအများစုတွင် ပြန်လည်ခေါ်ယူမည့် မြန်မာနိုင်ငံသားများ မရှိသလောက် နည်းပါး သွားပြီဖြစ်ကြောင်း ၊ သို့သော် မလေးရှားနိုင်ငံသို့ Relief Flight များစီစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ Flight များစီစဉ်ရာတွင် မိမိတို့နိုင်ငံတွင် ရောဂါ ကူးစက်နိုင်မှု အနေအထား၊ Quarantine ထားရှိရန် နေရာလုံလောက်မှု ရှိ/မရှိ စသည့် အချက်များကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ ယခုလောလောဆယ် ဗဟိုကော်မတီမှ မူချမှတ်ထားသည်မှာ တစ်ပတ်လျှင် လူဦးရေ ၇၀၀ ထက်မပို ခေါ်ယူရန်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် COVID-19 ကပ်ရောဂါကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။ 

“Flight က ဒီဘက်မှာ အခုလက်ရှိလည်း ရှေ့ပိုင်းမှာ ဝင်နေတဲ့ နိုင်ငံသားတွေရှိတယ်။ သူတို့တွေအတွက် ဆေးရုံတွေမှာ စီစဉ်ပေးရတာ ရှိတယ်။ Quarantine နေရာ စီစဉ်ပေးရတာ ရှိတယ်။ လက်ရှိ စီစဉ်ပေးနိုင်တဲ့ အနေအထား အရ ဆိုရင် ကျွန်မတို့ ကန့်သတ်ထားတာပါ။ တစ်ပတ်ကို ၇၀၀ အတိုင်း ကန့်သတ်ပြီးတော့မှ Flight ကို နည်းနည်း ချိန်ပြီးတော့မှ ဆွဲပေးနေတာပါ။ အခု ဆွဲထားတဲ့ flight နဲ့ပဲ လက်ရှိ လျာထားတာကို ပြောချင်တာပါ။ ဇူလိုင်ကနေစပြီး တပတ်ကို ၇၀၀ လျာထားတာပါ။”ဟု ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ ဩစတြေးလျ၊ မလေးရှား၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ယူအေအီး၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်တိုင်ပေ၊ တရုတ် စသည့် နိုင်ငံ/ဒေသများသို့ Relief Flight အကြိမ်ရေစုစုပေါင်း ၅၆ ကြိမ် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၈,၀၀၀ ကျော်ကို ခေါ်ဆောင် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.