Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေးအကြိမ်ရေ (Doses) ၃သန်း မြန်မာနိုင်ငံသို့ရောက်ရှိ

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေး သယ်ဆောင်လာသည့်လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေးအကြိမ်ရေ (Doses) ၃ သန်း ရန်ကုန်မြို့သို့ ဇွန် ၇ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၄ သန်းနှင့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းအများအပြားကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေးများရောက်ရှိလာမှုကိုတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ထို့ပြင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်နှုန်း၊ ပြင်းထန်သောရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်း လျှော့ချနိုင်ရန် အကူအညီပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီက မြန်မာနိုင်ငံအစိုးရသည် COVID-19 ကာကွယ်ဆေးများ နောက်ထပ်အကူအညီပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုခဲ့ပြီး အဆိုပါကာကွယ်ဆေးများကို သက်ကြီးရွယ်အိုများ စသည့်အားနည်းသောအုပ်စုများအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ ယခုအကြိမ် ကာကွယ်ဆေးအကူအညီပေးမှုသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို တက်ကြွစွာ တုံ့ပြန်ခြင်းပင် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလ ၂ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစုစုပေါင်း ၃၈.၅ သန်းကျော် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံထားသည့် လူဦးရေစုစုပေါင်း ၃၁.၆၅ သန်းကျော် ရှိပြီး၊ အသက် ၁၈ နှစ်အောက် ကာကွယ်ဆေးထိုးနှံထားသည့် လူဦးရေစုစုပေါင်းမှာ ၆.၈၄ သန်းကျော်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန် ၇ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၆၃၉,၃၇၉ ဦးရှိပြီး သေဆုံးသူ ၁၉,၄၉၄ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၆၁၈,၃၆၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)