MYANMAR
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၄)ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၂၄ ဦးထိရှိလာ
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၄)ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၄ ဦးထိရှိလာကြောင်း ယနေ့(စက်တင်ဘာ ၁၄ ရက်) တွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၅) နှစ် အရွယ် သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါ (၈) နှစ်ကြာခံစားနေရသူ အမျိုးသား (Case-2463) သည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ ရုတ်တရက်ဦးနှောက်သွေးကြောပိတ်၍ ထပ်မံ လေဖြတ်ခြင်းရောဂါဖြင့် စက်တင်ဘာ ၁၃ ရက် ညနေ (၆:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၆၉) နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ ဆီးချို၊ သွေးတိုး နှင့် နှလုံး ရောဂါအခံရှိသူ အမျိုးသမီး (Case-2324) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၁ရက် နံနက် (၆.၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၅၁) နှစ်အရွယ် အသည်းရောင်အသားဝါ (စီ) ပိုး ရောဂါအခံရှိသူ အမျိုးသား (Case-1997) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ အသည်းခြောက်ရောဂါကြောင့် သွေးအန်ခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၃ ရက်နံနက် (၁၁:၃၄) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၆) နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-2126) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်းရောဂါဖြင့် စက်တင်ဘာ ၁၁ ရက်နံနက် (၆:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးထပ်မံတွေ့ရှိသဖြင့် အတည်ပြုလူနာ (၃,၀၁၅)ဦး ထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)