Connect with us

WORLD

အမေရိကန်နိုင်ငံ မစ်ဆူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး က COVID-19 ရောဂါ ကူးစက် ခံရ

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း ပြည်သူများ နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မစ်ဆူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Parson သည် စက်တင်ဘာ ၂၃ ရက်တွင် COVID-19 ရောဂါ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး က ယင်းနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 

ပြည်နယ် အုပ်ချုပ်ရေးမှူး ၏ ဇနီး ဖြစ်သူသည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် နှာစီးခြင်း ၊ ချောင်းအနည်းငယ်ဆိုးခြင်း စသည့် လက္ခဏာများ ခံစားရသဖြင့် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ COVID-19 ရောဂါ ကူးစက် ခံထားရသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ယင်းနေ့ ညနေပိုင်းတွင် စစ်ဆေးမှု ခံယူခဲ့ရာ COVID-19 ရောဂါ ကူးစက် ခံထားရသည်ကိုတွေ့ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အုပ်ချုပ်ရေးမှူး Mike Parson က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် ၎င်းအနေဖြင့် အခြေအနေ ကောင်းမွန်ပြီး မည်သည့် ရောဂါ လက္ခဏာ မှ မဖြစ်ပွားသေးကြောင်း ရေးသား ဖော်ပြ ခဲ့သည်။

Mike Parson သည် အမေရိကန် နိုင်ငံ၌ ရောဂါ ကူးစက်ခံရသည့် ဒုတိယမြောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ယခုနှစ် ဇူလိုင်လကလည်း အော့ကလန်ဟိုးမား ပြည်နယ် အုပ်ချုပ်ရေးမှူးသည်လည်း COVID-19 ရောဂါ ကူးစက် ခံခဲ့ရကြောင်း သိရသည်။

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ စက်တင်ဘာ ၂၃ ရက်  ထုတ်ပြန်ကြေညာချက်အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆ ဒသမ ၉၇ သန်းကျော် ရှိ ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂ သိန်း ကျော် ရှိကြောင်း ၊ အမေရိကန် နိုင်ငံ မစ်ဆူရီ ပြည်နယ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၁၈,၀၀၀ကျော်  နှင့် သေဆုံးသူ စုစုပေါင်း ၁,၉၃၈ ဦး ရှိကြောင်း သိရသည်။  (Xinhua)