Connect with us

WORLD

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အားကစားဖြင့် အနိုင်ယူရန် စီစဉ်

ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့တွင် မော်တော်ယာဉ်အတွင်းရှိ လူများအား ကိုယ်အပူချိန်တိုင်းတာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံသည် လူကြိုက်များသည့် အားကစားများနှင့် ကျန်းမာသည့်နေထိုင်မှုပုံစံများဖြင့် COVID-19 ကပ်ရောဂါကို ပြန်လည်တိုက်ဖျက်ရန် စီစဉ်ထားကြောင်း သမ္မတ အမိန့်ဒီဂရီမူကြမ်းတစ်စောင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပြည်သူများအကြား ကျန်းမာသည့် နေထိုင်မှုပုံစံတည်ဆောက်ခြင်းသည် ကပ်ရောဂါကာလတွင် အဆောတလျင်လုပ်ဆောင်ရမည့်ကိစ္စတစ်ရပ်ဖြစ်သည်ဟု အများပြည်သူ ဆွေးနွေးမှုအတွက် တင်ပြခဲ့သော အဆိုပါမူကြမ်းတွင် ဖော်ပြထားသည်။

တစ်ရက်လျှင် အနည်းဆုံးခြေလှမ်း ၁၀,၀၀၀ သို့မဟုတ် တစ်နှစ်လျှင် ခြေလှမ်းပေါင်း ၃.၆ သန်း လျှောက်သည့်ပြည်သူများကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအားလုံးတွင် ၅၀ ရာခိုင်နှုန်း လျှော့ဈေးပေးရန်နှင့် အားကစားခန်းမအခမဲ့အသုံးပြုခွင့်များ ပေးအပ်ရန် မူကြမ်းက အဆိုပြုခဲ့သည်။

အဆိုပါမူကြမ်းအရ  “ကပ်ရောဂါကို အားကစားဖြင့် အနိုင်ယူမည်” ဟု အမည်ပေးထားသည့် နိုင်ငံတော်၏အစီအစဉ်သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း ၊ ဘောလုံးကန်ခြင်း၊ ဘော်လီဘော၊ စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်းနှင့် များစွာသော ကိုယ်ခန္ဓာကြံ့ခိုင်ရေးပုံစံများအား လူကြိုက်များလာစေရန် မျှော်မှန်းထားခြင်းဖြစ်သည်။

အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းတွင်  ရာနှင့်ချီသည့် အားကစားလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်မည်ဖြစ်ပြီး အစိုးရတာဝန်ရှိသူများအား လူကြိုက်များသည့်အားကစား တင်ဆက်မှု များလုပ်ဆောင်နိုင်မှုနှင့်အညီ အဆင့်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မူကြမ်းအရသိရသည်။ဥဇဘက်ကစ္စတန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၅၃,၀၅၁ ဦး၊ သေဆုံးသူ ၄၃၃ ဦးရှိပြီး  ပြန်လည်ကောင်းမွန်လာသူ ၄၉,၂၂၄ ဦးရှိကြောင်း သိရသည်။  (Xinhua)