Connect with us

WORLD

(ကမ္ဘာ့ကပ်ရောဂါ သတင်းအကျဉ်းချုပ် )တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ ရာဂဏန်းပြန်ဖြစ် ၊ ဂျပန်နိုင်ငံတွင် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဖြေလျော့ရန် စဉ်းစား 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော ခေါင်းလောင်းပြပွဲတစ်ခု၏မြင်ကွင်းများအား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ )

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ ရာဂဏန်း ပြန်ဖြစ်လာကြောင်းနှင့် ဂျပန်နိုင်ငံတွင် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဖြေလျော့ရန် စဉ်းစားလျက်ရှိကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ရရှိသော သတင်းများအရ သိရသည်။ 

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ စက်တင်ဘာ ၂၃ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၆ နာရီ ၄၇ မိနစ်အထိ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၄၆,၁၆၅ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၄,၅၂၀ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၁,၄၂၅,၀၂၉ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၉၆၇,၁၆၄ ဦး ရှိကြောင်း သိရသည်။  

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၂၄ ရက် ၇ နာရီ ၂၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၁,၇၆၂,၆၀၇ ဦး၊  စုစုပေါင်း သေဆုံးသူ ၉၇၃,၉၅၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၆,၉၄၀,၇၂၁ ဦး နှင့် သေဆုံးသူ ၂၀၁,၈၈၂ ဦး ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော ခေါင်းလောင်းပြပွဲတစ်ခု၏မြင်ကွင်းများအား  စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ )

(၂) သတင်းအချက်အလက် စုစည်းချက်များ 

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီး ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် positive ဖြစ်ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ရက်ဆက်တိုက် ဆယ်ဂဏန်းအထိ ကျဆင်းသွားရာမှ စက်တင်ဘာ ၂၃ ရက်တွင် ရာဂဏန်းသို့ ပြန်တိုးလာခဲ့သည့်အတွက် ကပ်ရောဂါအခြေအနေ ဆိုးဝါးနေဆဲဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက အများပြည်သူအနေဖြင့် ဆောင်းဦးလလယ်ပွဲတော် လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် အပြင်ထွက်သွားလာခြင်းကို လျှော့ချရန် နှိုးဆော်ထားကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံ ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်သည့် သတင်းများအရ ယင်းနေ့ ၀၀:၀၀ အချိန်အထိ ကိုဗစ်အတည်ပြုလူနာသည် ပြီးခဲ့သော ရက်ကထက် ၁၁၀ ဦး တိုးမြင့်လာပြီး ထပ်တိုးလူနာအများစုသည် မြို့တော် အနီးဝန်းကျင်းမှ ဖြစ်ကြောင်းနှင့် စုစုပေါင်းအတည်ပြုလူနာ ၂၃,၂၁၆ ဦး၊ စုစုပေါင်း သေဆုံး လူနာ ၃၈၈ ဦး ရှိပြီကြောင်း သိရသည်။ 

ဂျပန်နိုင်ငံတွင် အစိုးရက လာမည့်လ၌ ပြည်ဝင်ခွင့် ကန့်သတ်ချက်ကို ဖြေလျှော့သွားရန် စဉ်းစားလျက်ရှိကြောင်း၊ နှစ်ရှည်ဗီဇာ ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ပေးရန် စဉ်းစားလျက်ရှိကြောင်း ဂျပန်နိုင်ငံ အစိုးရ သတင်းအရင်းအမြစ်က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ကပ်ရောဂါရိုက်ခတ်မှုကြောင့် ယခုနှစ် ဒုတိယ ရာသီတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် ပထမ ရာသီ နှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ ၎င်းတို့အနက် ဥရောပနှင့် မြောက်အမေရိက ဒေသများတွင် ကျဆင်းမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ 

အီရတ်နိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်က အသစ်ထပ်တိုးလူနာ ၅,၀၅၅ ဦး ရှိလာရာ ယင်းမှာ အီရတ်တွင် ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း ပိုးတွေ့လူနာအရေအတွက် အများဆုံး ဖြစ်ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။  

Chumakov ဇီဝဗေဒ သိပ္ပံ သုတေသနစင်တာကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လက်တွေ့စမ်းသပ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ယင်းစမ်းသပ်မှုကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ လက်တွေ့စမ်းသပ်မှုအောင်မြင်ပါက ယင်းကာကွယ်ဆေးကို လာမည့်နှစ် ပထမကာလတွင် ပမဏ အများအပြား ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ 

တရုတ်နိုင်ငံ အစိုးရမှ ယူဂန်ဒါ နိုင်ငံသို့ ပေးအပ်လှူဒါန်းသော တတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းလွှဲပြောင်းပေးသည့် အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က ယူဂန်ဒါနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်း ထောက်ပံ့ရေးပစ္စည်းများတွင် အသက်ရှူစက်၊ ကိုရိုနာဗိုင်းရပ်စ် Nucleic acidစစ်ဆေးရေး ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။  (Xinhua)