Agriculture
စိုက်ပျိုးရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြင့်လုပ်ကိုင်သင့်
နေပြည်တော်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းများ ကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက်ရေး (BIMSTEC:_ The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ၏ လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများအား ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြောကြားခဲ့သည်။
“အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှုတွေ မတူညီကြပေမယ့် တူညီသော စိန်ခေါ်မှုတွေ ရှိနေတဲ့ အတွက် ဆင်းရဲမှု ပပျောက်ရေး၊ စီးပွား ဖွံ့ဖြိုး တိုးတက်မှု ညီမျှစေရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့စေရေးမှာ အဓိကကျတဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုကို အခုထက် ပိုပြီး တိုးမြှင့် ဆောင်ရွက်သင့်ပါတယ်” ဟု နေပြည်တော် Hilton Hotel တွင် ယနေ့ပြုလုပ်သည့် BIMSTEC စိုက်ပျိုးရေး ဝန်ကြီးများအဆင့် အစည်းအဝေး ဖွင့်ပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
နီပေါနိုင်ငံတွင် ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အရ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ယနေ့ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးအတွက် ရာသီဥတု ပြောင်းလဲမှုအား ခံနိုင်ရည် ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးမှတစ်ဆင့် စိုက်ပျိုး ထုတ်လုပ်သူများ သာယာ ဝပြောရေး” ရည်မှန်းချက်ကို ဖော်ဆောင်နိုင် မည် ဖြစ်ကြောင်း၊ BIMSTEC နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်း ထွက်ကုန်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ သန်းပေါင်း ရှိပြီး စုစုပေါင်း လူဦးရေမှာလည်း ကမ္ဘာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်း ရှိ ကြောင်း၊ ကြီးမားသော စီးပွားရေးဆိုင်ရာ ပထဝီအနေအထားလည်း ရှိပါကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
ယနေ့ အစည်းအဝေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများတွင် စိုက်ပျိုးရေးကဏ္ဍမှာ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဦးဆောင်လုပ်ငန်း များကို သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အကောင်အထည် ဖော်ရေး ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအတွက် ဦးဆောင်နိုင်ငံ အဖြစ် တာဝန်ယူထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ဘူတန် နိုင်ငံတို့အကြား စိုက်ပျိုးရေးတွင် ယခုထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ကြရန်၊ စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝရေး ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော လူသား အရင်းအမြစ် လုံလောက်ရန် လေ့ကျင့် ပညာ သင်ကြားပေးရေး စီမံကိန်းများကို အဓိက ဆွေးနွေးခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)