Connect with us

Culture & Entertainment

ငလျင်ဒဏ်သင့် ပုဂံ စေတီပုထိုး ၃၃၅ ဆူ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးဟုဆို

ငလျင်ဒဏ်သင့် ပုဂံ ဘုရားစေတီပုထိုး အချို့ အား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ထားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားစေတီပုထိုး ၃၈၉ ဆူ အနက် ၃၃၅ ဆူအား ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ငလျင်ဒဏ်သင့် ဘုရားစေတီပုထိုးများအား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက် အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူ နှင့် ရှေးမူမပျက် ထိန်းသိမ်းပြီး ဖြစ်သော ၁၁၁ ဆူ စုစုပေါင်း ၃၃၅ ဆူကို လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း နှင့် ၂၀ ဆူကို ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနနှင့်ပူးပေါင်း အဖွဲ့များအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သည့် အလောတကြီး မပြုပြင်ရန် နှင့် ရှေးမူ လက်ရာ မပျက် ထိန်းသိမ်းရန် စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် ၊ သြဂုတ်လ ၂၄ ရက်တွင် ရစ်ချ်စတာစကေး ၆.၈ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံ ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေး စသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှု ရှိခဲ့ရာ အများဆုံး ပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသဖြစ်ပြီး ကွင်းဆင်း စာရင်း စစ်ဆေး ကောက်ခံမှု အရ ၃၈၉ ဆူ ပျက်စီးခဲ့သည်။ငလျင် ဒဏ်ခံရှေးဟောင်း အဆောက်အအုံများ ပျက်စီးမှုအခြေအနေများကိုစိစစ်ချက်အရ ပထမ ဦးစားပေး ပြုပြင် ထိန်းသိမ်းရန် ၃၆ ဆူ ၊ ဒုတိယ ဦးစားပေး ပြုပြင် ထိန်းသိမ်းရန် ၅၃ ဆူနှင့် ပျက်စီးမှု အနည်း ငယ်သာရှိသည့် တတိယ ဦးစားပေး ပြုပြင် ထိန်းသိမ်းမည့် ၃၀၀ ဆူ အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့သည်။(Xinhua)