Connect with us

Culture & Entertainment

ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်အား (၂၇)ခုမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်အားအပြာရောင်ကမ္ဗည်းပြား တပ်ဆင်ပွဲအခမ်းအနားကျင်းပစဉ် (YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်အား (၂၇)ခုမြောက် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်း အခမ်းအနားကို ယနေ့၊ မွန်းလွဲ(၁)နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့မှာ ကမ်းနားလမ်းဆိုတာ မြို့ပြအမွေအနှစ်တွေရှိရာ အဓိကနေရာတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ စထရင်းဟိုတယ်ကြီးကို အခုလို အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ထားပြီ ဖြစ်တဲ့အတွက် ဒီဟိုတယ်ကြီးကို ပြုပြင်မယ်၊ စောင့်ရှောက်မယ်ဆိုရင် ရှေးဟောင်းအမွေအနှစ်တွေကို မပျက်စီးသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ု ဖြစ်ပါတယ်။ ဒီ့အတွက် ကျွန်တော်တို့အားလုံးက ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ တိုက်တွန်းလိုပါတယ်။ ” ဟု ပြောကြားသည်။

စထရင်းဟိုတယ်ကို နာမည်ကျော် အာမေးနီးယန်း ဟိုတယ် လုပ်ငန်းရှင် ညီအကိုများက တည်ထောင်ခဲ့ပြီး၊ ရန်ကုန်မြစ်ကို လှမ်းမြင်ရသည့် ၁၂ခန်းပါ တည်းခိုခန်းတစ်ခုကို ပြန်လည်ပြင်ဆင်၍ ဟိုတယ်ဖွင့်ရန် ကာလအတော်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ၁၉၀၁ခုနှစ်တွင် စထရင်းဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် စထရင်းဟိုတယ် တည်ဆောက် ထားသော မြေနေရာကို စတီးဘုရားသား ကုမ္ပဏီက ရူပီး ၁၀.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ ၁၉၉၀ တွင် မြန်မာအစိုးရနှင့် အင်ဒိုနီးရှားဟိုတယ် လုပ်ငန်းရှင် Adrian Zecha တို့၏ အကျိုးတူ ဆောင်ရွက်မှုဖြင့် ဟိုတယ်ကို ၃နှစ်ကြာ ပြင်ဆင်ခဲ့ပြီး၊ လက်ရှိတွင် စထရင်းဟိုတယ်ကို မြန်မာအစိုးရနှင့် Strand Hotel International တို့အကြား အကျိုးတူဖွဲ့စည်းထားသည့် Myanmar Hotels International (MHI) က စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အလှူရှင်များ၏ ငွေကြေးထည့်ဝင် ကူညီမှုတို့ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်သော အပြာရောင် ကမ္ဗည်းပြားများကို တပ်ဆင်ခြင်းမှာ ရန်ကုန်မြို့၏သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာ ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.