Connect with us

Culture & Entertainment

မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလ တွင် ရေလိုအပ်မှုနည်းသည့် သီးနှံများစိုက်ပျိုးသင့် 

တောင်သူတစ်ချို့ လယ်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ ၂၅ ရက်တွင်ပြောသည်။

ဒေါက်တာရဲတင့်ထွန်းက “မိုးအရ နည်းရင် တောင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု တွေလုပ်ဖို့ လိုအပ်တယ်။ ရေလိုအပ်ချက်နည်းပြီး  ဒေသနဲ့ ကိုက်ညီပြီး ဈေးကွက်ရှိတဲ့ သီးနှံတွေပြောင်းလဲ စိုက်ပျိုးသင့်တယ်။ သီးနှံမပြောင်းလဲနိုင်ရင် ရေလိုအပ်ချက်နည်းပြီး ရေငတ်ဒဏ်ခံနိုင်တဲ့ မျိုးကွဲပြောင်းလဲစိုက်ပျိုးတာတွေ၊ ရေအလေအလွင့်များတဲ့ ရေပေးသွင်းမှုစနစ်အစား ရေချွေတာသုံးစွဲနိုင်တဲ့ ရေသွင်းနည်းစနစ်တွေ အသုံးပြုတာမျိုး၊ မြေဖုံးပစ္စည်းတွေ ထည့်သွင်းဆောင်ရွက်တာမျိုး၊ ရေရရှိဖို့ နည်းလမ်းအသစ်တွေရှာဖွေဖော်ထုတ် စီမံတာတွေ လုပ်သင့်တယ်’’ ဟုပြောသည်။

ရေရရှိမှုအပိုင်းတွင် ဆည်ရေသောက်ဧရိယာများမှ  ရေရရှိနိုင်ကြောင်း၊  မိုးကောင်းသည့် နေရာ တွေကတော့ ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့လိုအပ်ကြောင်းသိရသည်။ဒေါက်တာရဲတင့်ထွန်းက “ဈေးကွက် ဝယ်လိုအားရှိမယ့် သက်တမ်းတိုမယ့် မျိုးတွေ ကိုပြောင်းလဲ စိုက်ပျိုးသင့်တယ် လို့ယူဆတယ်။ နောက်တစ်ခု က စောစော စိုက်နိုင်ရင် ရေရရှိမှု အခက် အခဲ ဖြေရှင်းပေးနိုင်မယ့် အနေအထားမှာ ရှိတာပေါ့။ မိုးကြိုတင်ခံထားပြီး၊ ကျဲတဲ့ အခါ၊ အခြောက်ကျဲမလား၊ အစို ကျဲမလား၊ ရေလိုအပ်ချက် နည်းနိုင်တဲ့ နည်းစနစ်တွေ နဲ့ စိုက်ပျိုးရင် ထိခိုက်မှုနည်းနိုင်တယ်လို့ယူဆတယ်။’’ ဟုပြောသည်။ 

မိုးကြိုကာလ တွင် နွေစပါးလက်ကျန် (မရိတ်သိမ်းရသေးသည့်စပါးများရှိကြောင်း) မိုးကြိုသီးနှံ အနေဖြင့် နှမ်း၊ ပဲတီစိမ်း များ စိုက်ပျိုးကြကြောင်း သိရသည်။နည်းပညာနှင့် ပတ်သက်ပြီး နည်းပညာပေးစင်တာများမှ  တောင်သူများကိုပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကာလ တွင် Facebbook နှင့်  Viber တို့ မှ ပညာပေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ထို့ပြင် call center ဖုန်-၀၁-၂၃၉၉၅၅၅ သို့ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကူ အညီ အကြံဉာဏ်များတောင်းခံနိုင်ကြောင်း သိရသည်။  (Xinhua)