Connect with us

Culture & Entertainment

ပုဂံဒေသတွင် စေတီပုထိုး ၁၂ ဆူ ဌာပနာ အဖောက်ခံရသည့်ကိစ္စ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြရမည့်အနေအထားရှိ 

ပုဂံဒေသ ၏ နေဝင်ချိန် တွင် ဓာတ်ပုံရိုက်ကူးနေကြသည့် ခရီးသွားဧည့်သည်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင် စေတီပုထိုး ၁၂ ဆူ ဌာပနာ အဖောက်ခံရသည့်ကိစ္စရပ်အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ နှစ်စဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ တင်ပြသွားရမည့် အနေအထားရှိနေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားမှူး ဦးအာကာကျော်က ဆင်ဟွာသို့  ယနေ့ ဇွန် ၁၅ ရက်တွင်ပြောကြားခဲ့သည်။

“ပုဂံဒေသ က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာ တစ်နှစ်တောင်မရှိသေးပါဘူး။ ပုဂံမှာ ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတွေ ကလည်း လက်ခံတယ်။ အစိုးရကလည်း ဆောင်ရွက်ပေးခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့ က အချက်အလက်တွေ နဲ့ တကွ ယူနက်စကို ကိုတင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ရတာပါ။ ဒေသရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပုဂံဒေသရဲ့ လုံခြုံရေး ကိုလည်း ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ဆိုသည်။ 

ပုဂံဒေသတွင် စေတီပုထိုးပေါင်း ၃၈၂၂ ဆူရှိပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်  ၆ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ဦးအာကာကျော်က “ဌာပနဖောက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်အာဏာပိုင်တွေကနေ ဒါကိုအမှုဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတဲ့ ပုဂံဒေသဟာ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အများကြီးလုံခြုံမှု ရှိလာမယ် လို့ ယုံကြည်ပါတယ်။’’ ဟုပြောသည်။

ဌာပနာ ဖောက်ခံထားရသည့် ဘုရားများမှာ ဘုရားအမှတ် ၁၈၈၂၊ ၁၈၇၇၊ ၁၈၇၅ (ဂူပုထိုး) ၊ယာယီ နံပါတ် (၁၉၀၆-၁၈၃၉) ၊ ၁၈၉၇၊ ၇၅၃၊ (၇၅၂-က ) ၊ (၂၀၆၉ -က) ၊ ( ၁၅၈၉-က) ၊ ၁၆၀၆၊ ( ၂၀၇၉- င)၊ ၂၀၈၂ တို့ ဖြစ်ကြကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)