Culture & Entertainment
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာစေရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့်
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား အာဆီယံအမွေအနှစ် စာရင်းဝင်မှတိုးမြှင့်ကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာစေရေး ကြိုးပန်းလုပ်ဆောင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ကြိုးစားထားတဲ့ ဥယျာဉ်တွေ အများကြီးရှိတယ်။ ဥပမာ-နတ်မတောင်ပေါ့။ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ သဘာဝအတိုင်းထားရမယ့်နေရာတွေမှာ ကျွန်တော်တို့က လမ်းတွေဖောက်တာတွေ ရှိခဲ့တယ်။ ဒါကြောင့်ငြင်းပယ်ခံရတဲ့အနေအထားတွေရှိခဲ့တယ်။ အလောင်းတော်ကဿပကတော့ ကျွန်တော်တို့ ဆီမှာ စစ်ကိုင်းတိုင်းဒေသကြီးမှာ အကောင်းဆုံးသဘာဝကြိုးဝိုင်းကြီးဖြစ်တယ်။ ဇီဝမျိုးစုံမျိုးကွဲတွေလည်းမျိုးစုံရှိတယ်။ သစ်ပင်၊သစ်တောတွေ အများဆုံးရှိတဲ့နေရာဖြစ်လို့ ကြိုးစားပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ဆောင်ရွက်နေတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရင် ကျွန်တော်တို့နိုင်ငံအတွက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းတဲ့အပိုင်းမှာ ထင်ထင်ရှားရှားဆောင်ရွက်နိုင်တာပေါ်လွင်တာပေါ့’’ ဟု ၎င်းကဆိုသည်။
ထို့ကြောင့် လက်ရှိတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် လိုက်အပ်သည့် Guide Line နှင့် အညီဖြစ်စေရန်ကြိုးပန်းဆောင်ရွက်လျက်ရှိကြောင်း၎င်းက ဆိုသည်။ Guide Line နှင့် အညီဖြစ်ရန် ဆောင်ရွက်ရာတွင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သဘာဝတောများကို သဘာဝအတိုင်းထားရှိရမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ဖမ်းဆီးခြင်း၊ သစ်တောသစ်ပင်များကို ခုတ်ယူသုံးစွဲခြင်း၊ တောအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ဖောက်လုပ်မှုများ၊ အခိုင်အမာအဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပလပ်စတစ် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းစသည့် သဘာဝတောများပျက်စီးစေမည့် အပြုအမူများကို ရှောင်ရှားရမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာ သဘာဝထိန်းသိမ်းရေးနယ်မြေတွေက အာဆီယံအမွေအနှစ် စာရင်းဝင်ပဲရှိသေးတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာ တစ်ခုမှ မရှိသေးဘူး။ ကမ္ဘာ့အမွေနှစ်စာရင်းဝင်ရင် ထိန်းသိမ်းတဲ့နေရာမှာ နည်းပညာတွေ အကူအညီတွေ အများကြီးရမှာဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ဒေသခံပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံချင်ပါတယ်’’ ဟု ဦးကျော်ဇောကဆက်ပြောသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီး အနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပါက သဘာဝထိန်းသိမ်းရေး နယ်မြေများထဲမှ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဥယျာဉ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို (၂၀၀၃) ခုနှစ် ဒီဇင်ဘာလ (၈) ရက် တွင်အာဆီယံ အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၅)ခု သတ်မှတ်ဖွဲ့စည်းထားရှိပြီး နိုင်ငံဧရိယာ၏ ၅.၈၅ % ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းတည်ထောင်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅)ခုအနက် အာဆီယံဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Park−AHP) များအနေဖြင့် အသိအမှတ်ပြုသတ်မှတ်ခြင်းခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုမှာ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)