Connect with us

Culture & Entertainment

တိုင်းရင်းသားဒေသအလိုက် စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေပေါင်း ၆၇ ခု အထိ သင်ကြားခွင့်ရရှိထားကြောင်းဆို

တိုင်းရင်းသား-မြန်မာ အဘိဓာန်များအားတွေ့ရစဉ် (ဓာတ်ပုံ--တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တိုင်းရင်းသားဒေသအလိုက် စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေပေါင်း ၆၇ ခု အထိသင်ကြားခွင့်ရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အတည်ပြုပြီးဖြစ်ကြောင်း၊ ယင်းစာပေများကို ၂၀၂၁-၂၀၂၂ စာသင်နှစ်တွင် သင်ကြားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေများသင်ကြားမည့် ဆရာ၊ဆရာမများလည်းခန့်ထားရန် အသင့်စီစဉ်ပြီးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။

“တိုင်းရင်းသားစာပေရှိပြီးသားကို မပျောက်မပျက်ရအောင်ဆောင်ရွက်တဲ့အခါမှာ စာသင်ကျောင်းတွေမှာ သင်ကြားခွင့်ရဖို့က အဓိကကျတယ်။ အရင်က နွေရာသီမှာ သင်ရတော့ တိုင်းရင်းသားကလေးငယ်တွေက သင်ယူတဲ့အခါမှာ စိတ်ပါဝင်စားမှု အားနည်းတာပေါ့။ တချို့ဆိုဒေသသင်ရိုးဆိုတဲ့ တိုင်းရင်းသားစာပေတွေက ကျောင်းစာသင်တဲ့အချိန်အတွင်းမှာ သင်ကြားခွင့်ရတာတွေလည်းရှိတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်ဆို တိုင်းရင်းသားစာပေ ၆၇ ခုအထိ သင်ကြားခွင့်ရရှိပြီဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တုန်းက တိုင်းရင်းသားစာပေ ၆၄ ခုသင်ကြားဖို့ခွင့်ပြုပြီးဖြစ်ပေမယ့် COVID-19 ကြောင့် ကျောင်းတွေပိတ်ထားခဲ့ရတာတော့ ဒီနေ့အထိပဲလေ’’ ဟု၎င်းကဆက်ပြောသည်။

တိုင်းရင်းသားစာပေများအား သက်ဆိုင်ရာ ဒေသများတွင် သင်ကြားရခြင်းဖြစ်ကြောင်း၊ ဒေသသင်ရိုးမဟုတ်ဘဲ ရိုးရိုးတိုင်းရင်းသားစာပေဆိုပါက စာသင်ချိန်ပြင်ပတွင် သင်ကြားခွင့်ရရှိနေခြင်းဖြစ်ကြောင်းဆိုသည်။

“စာသင်ကျောင်းမှာ သင်ကြားခွင့်ရမယ်။ နွေရာသီမှာလည်းသင်မယ်ဆိုရင် စဉ်ဆက်မပြတ် သင်ကြားခွင့်ရသွားမှာဖြစ်ပါတယ်။ အဲဒါက တိုင်းရင်းသားစာပေ မပျောက်ပျက်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားဘာသာသင်ကြားဖို့အတွက် ဆရာ၊ဆရာမတွေကိုလည်း ခန့်အပ်ပေးထားတော့ အလုပ်အကိုင်အခွင့်အလမ်းလည်းရှိသွားတော့ အဆင်ပြေတယ်။ မဟုတ်ရင် တိုင်းရင်းသားစာပေတတ်မြောက်ပြီး အသုံးချဖို့နေရာမရှိရင် ရေရှည်သွားဖို့အဆင်မပြေဘူး။ အခုနောက်ပိုင်းကြတော့ တိုင်းရင်းသားစာပေတတ်မြောက်ရင် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရရှိတယ်ဆိုတဲ့ အတွေးလေးရရှိစေမှာ ဖြစ်တယ်။ ဒါကလည်း တိုင်းရင်းသားစာပေ မကွယ်ပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။’’ ဟု ဦးဝင်းနိုင်ကဆက်ပြောသည်။

တချို့တိုင်းရင်းသားစာပေများလည်း သင်ကြားခွင့်ရရန် ညှိနှိုင်းနေသည်များရှိကြောင်း ဆိုသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းရင်းသားစာပေ ၆၄ မျိုးသင်ကြားခွင့်ရရှိခဲ့ကြောင်း၊ ယခု (၃)မျိုးသင်ကြားခွင့်ထပ်တိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စာပေပျောက်ပါကလူမျိုးပျောက်မည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားစာပေများ နှစ်စဉ် သင်ကြားခွင့်ထပ်တိုးရရှိရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.