Connect with us

Education & Health

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ၌ လာမည့် ပညာသင်နှစ် မှစတင်၍ စပါးအဓိက ဘာသာရပ်ကို ခွဲထုတ် သင်ကြားမည်

စပါးစိုက်ပျိုးမှုသုတေသန လက်တွေ့ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ၌ စပါးအဓိက ဘာသာရပ် မရှိသေးသဖြင့် လာမည့် ပညာသင်နှစ် မှစတင်၍ စပါးအဓိက ဘာသာရပ်ကို ခွဲထုတ် သင်ကြားမည် ဖြစ်ပြီး သင်တန်းသား ၅ဝ မှ ၁ဝဝ အကြား လက်ခံ သွားမည် ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ပြည်တွင်း၌ ဆန်ကို အဓိက စားသုံးသော စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အပြင် ပြည်ပပို့ကုန် တွင်လည်း အဓိကအားထား နေရသော သီးနှံဖြစ်သည့် စပါးနှင့် ပတ်သက်၍ ပြည်တွင်း၌ စပါးအဓိက ဘာသာရပ် မရှိသေးခြင်းက လိုအပ်ချက် တစ်ခု ဖြစ်နေသဖြင့် နိုင်ငံတကာမှ အကူအညီပေး နေသည့် အဖွဲ့အစည်း များနှင့် ပညာရှင်များ၏ အကြံပြုချက် အရ သီးခြား ခွဲထုတ်ပြီး အဓိက ဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားရန် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရည်မှန်းချက် များတွင် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုးရေး ဘွဲ့ရ ပညာရှင်များ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ မှ ဒီပလိုမာဘွဲ့ရ များ မွေးထုတ် သွားမည်ဖြစ်ပြီး

လာမည့်ငါးနှစ် အတွင်း ဝန်ကြီးဌာန အောက်ရှိ တခြားသော ဌာနများ ဖြစ်သည့် စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဌာနတို့နှင့် ပူးပေါင်းကာ ကျောင်းသား များအား လုပ်ငန်းခွင် သင်တန်း ( On Job Training ) စတင်မည် ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်ပြန်သည့် သတင်းအချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၌ သီးနှံစိုက်ဧက စုစုပေါင်း ၂၁ သန်းကျော် ရှိနေပြီး ယင်းပမာဏ၏ ထက်ဝက်ကျော် ဖြစ်သော ၁၂ .၉၃ သန်းမှာ စပါးစိုက် ဧကများ ဖြစ်ကြောင်း သိရသည်။ (Xinhua)