Education & Health
လက်ပ်တိုစပိုင်ရိုးစစ် (Leptospirosis) ရောဂါ သတိပြုရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် လက်ပ်တိုစပိုင်ရာ (Leptospira Species) ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါ (Zoonotic Disease) ဖြစ်ပါကြောင်း၊ ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည့်အတွက် သတိပြုသင့်ကြောင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ထိုရောဂါသည် တိရစ္ဆာန်တို့၏ ဆီးနှင့်အညစ်အကြေးများ ရောနှောပါဝင်နေသည့် ရေများ (ညစ်ညမ်းသောရေများ) အတွင်း အလုပ်လုပ်ကိုင်ကြသူများဖြစ်သည့် တောင်သူလယ်သမားများ၊ မိုင်းတွင်းလုပ်သားများ၊ သန့်ရှင်းရေးလုပ်သားများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်ကြသူများတွင် ကူးစက်ခံရနိုင်ခြေပိုမိုများပြားကြောင်း သိရသည်။
လက်ပ်တိုစပိုင်ရိုးစစ် ၏ ရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ဖျားခြင်း၊ ချမ်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြား တွင်အနီစက်၊ အနီကွက်များထွက်ခြင်း၊ အသားဝါခြင်း တို့ဖြစ်ကြောင်း သိရသည်။
လက်ပ်တိုစပိုင်ရိုးစစ် ရောဂါလက္ခဏာသည် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါတို့၏ လက္ခဏာများ နှင့် ရောထွေးမှားယွင်းတတ်ကြောင်း သိရသည်။
ထို့ကြောင့် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ဟု အတည်ပြုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ နှင့် ပြသပြီး ဓာတ်ခွဲစစ်ဆေးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)