Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ လေပြင်းတိုက်ခတ်နိုင်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မေ၁၉ ရက်မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ မေ ၁၉ ရက်တွင် ပြောကြားသည်။

၎င်းက “မုန်တိုင်းက အားအလွန့်အလွန်ကောင်းနေတယ်။ မြန်မာနိုင်ငံ ကို မဖြတ်ပေမယ့်လည်း မိုးကြီးတာတွေ၊ လေပြင်းတိုက်တာတွေ ကိုတော့ သတိပြုဖို့ လိုပါတယ်” ဟု ဆိုသည်။မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊  မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေ ခန့်ရှိနိုင်ကြောင်း၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် တွင် ကရင်ပြည်နယ် ၌ ရေကြီးသည့် အတွက် လှေများဖြင့်သွားလာနေမှုအားတွေ့ရစဉ် (ဆင်ဟွာ) 

 မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀) ပေခန့်ရှိနိင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က မေ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “၂၀၁၀ ဂီရိမုန်တိုင်းတုန်းက ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ကြားကိုဖြတ်တယ်။ ရေကြီးမြေပြိုတာကြောင့် လူ၄၀ လောက်သေဆုံးခဲ့တယ်။ ၂၀၁၁ မှာ OTB မုန်တိုင်း၊ မုန်တိုင်း က သူ့ဘာသာ ကမ်းရိုးတန်းကိုဖြတ်တယ်။ မကွေး၊ချင်း၊ စစ်ကိုင်းမှာ မိုးသည်းထန်စွာ ရွာတော့ ပခုက္ကူမှာ လျှပ်တပြတ်ရေဘေးဆိုပြီးဖြစ်တယ်။အဲဒီတုန်းက သေဆုံးသူ၄၀ကျော်၊ ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်။ ဒီလို လျှပ်တပြတ် သဘာဝဘေးတွေ အတွက် ဆက်တိုက်ထုတ်လွှင့်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လှိုင်းကြီးမည့် အခြေအနေများကို သတိပြုရန်လိုအပ်ကြောင်းနှင့် ဆိုးရွားသည့် မိုးလေဝသအခြေအနေများကြောင့် လေကြောင်းပျံသန်းရေးအနေဖြင့် လည်းသိပြုရန် လိုအပ်ကြောင်း မိုးဇလ မှ သတိပေးချက်ထုတ်ပြန်ခဲ့သည်။  (Xinhua)