Environment, Disasters & Accidents
မုတ္တမပင်လယ်ကွေ့ဒေသကို ရေတိမ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
မုတ္တမပင်လယ်ကွေ့ဒေသရှိ ကမ္ဘာ့ရှားပါးစာရင်းဝင် ဆောင်းခို ငှက်မျိုးစိတ် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် အခြားငှက်မျိုးစိတ်အများအပြား ကျက်စားသည့်နေရာအား ရေတိမ်ဒေသ (Ramsar Site)အဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်နေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။
ပဲခူးမြို့၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျင်းပသော ၂၀၁၇ခုနှစ် ကမ္ဘာ့ရေဝပ် ဒေသများနေ့(World Wetlands Day) အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။
၂၀၀၄ ခုနှစ်တွင် မိုးယွန်းကြီးအင်း ဘေးမဲ့တော၊ ၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီးကန် ဘေးမဲ့တောနှင့် မိန်းမလှကျွန်းဘေးမဲ့တောတို့အား မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်အရေးပါသော Ramsar Site(၃)ခုအဖြစ် သတ်မှတ်ခံရပြီဖြစ်ကြောင်း ဦးခင်မောင်ရီက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် Ramsar Convention အဖွဲ့ဝင်အဖြစ် ၂၀၀၅ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအေဂျင်စီ( Norwegian Environment Agency)တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၇ခုနှစ် ကမ္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်၊ နော်ဝေနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြသည်။(Xinhua)