Connect with us

Environment, Disasters & Accidents

မရမ်းကုန်းမြို့တွင် အိမ်ခြေ ၂၉လုံးမီးလောင်ကာ ကျပ် ၂၂၇သိန်းကျော် ဆုံးရှုံး

မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ယမန်နေ့ည က လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ခြေ ၂၉လုံး မီးလောင်ကာ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း ကျပ် ၂၂၇သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ဆိုပါ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရသော အကြောင်းရင်းအား ဆက်လက်စုံစမ်းစစ်ဆေးနေပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၆၆စု၊ လူဦးရေ ကျား ၂၁၄ဦးနှင့် မ ၁၆၅စုစုပေါင်း ၃၇၉ဦး မီးဘေးသင့်ခဲ့ရကြောင်း ၎င်းက ဆိုသည်။ယင်း မီးလောင်ကျွမ်းမှုကြောင့် အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းကို မရမ်းကုန်းမြို့နယ်အတွင်းရှိ တေဇစက္ကီကျောင်းတွင် ဖွင့်လှစ်ထားသည်။

“မီးတောက်တော်တော်ကြီးတာ၊ အိမ်တွေက ကပ်နေတော့ မီးကူးမြန်တယ်၊ နှစ်ထပ် ပျဉ်ထောင်အိမ်လေးတွေ များတယ် ဒီနားမှာက”ဟု ၆ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ဖေဖေါ်ဝါရီ ၂ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မီးညွန့်ကျိုးသွားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။(Xinhua)