Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)