Connect with us

Environment, Disasters & Accidents

အပူပိုင်းဆိုင်ကလုန်း မိုခါ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ဝင်ရောက်တိုက်ခတ်

ရခိုင်ပြည်နယ်အတွင်းလေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် ၊ ကညင်တောရပ်ကွက်တွင် လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုအား ကူညီပေးနေသည်ကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်မှ အားအလွန့် အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ဗဟိုချက်သည် ရခိုင်ပြည်နယ်သို့ မေ ၁၄ ရက်မွန်းလွဲပိုင်းတွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများအား အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ကမ်းဘေး၊ (၅၅၅)သဲကွင်းကျေးရွာရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်သည်များ၊ (၁၀)နှစ်အောက်ကလေးများကို ဘေးလွတ်ရာသို့၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်က ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရခိုင်ပြည်နယ်သို့ အစားအစာ ၊ သောက်သုံးရေ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ် ၁၁၂ စီး နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း ၁၀ သင်းအား စေလွှတ်ထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ ရခိုင်ပြည်နယ်အတွင်း သိန်းနှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ကမ်းဘေး၊ (၅၅၅)သဲကွင်းကျေးရွာရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်သည်များ၊ (၁၀)နှစ်အောက်ကလေးများကို ဘေးလွတ်ရာသို့၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်က ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေသည့် မုန်တိုင်းသည် ချင်းပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးသို့ မေ ၁၄ ရက် နှောင်းပိုင်းတွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ မေ ၁၄ ရက် ည ၁၀း၃၀ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းသည် မေ ၁၅ ရက်တွင် တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ည ၁၀း၃၀ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ရွှေတွင်းရပ်ကွက်ရှိ မိုးနတ်ကုန်းချောင်းရေ ကျဆင်းမှုကြောင့်တင်ကျန်နေသော အမှိုက်/ဒိုက်ဖတ်များ ပိတ်ဆို့နေမှုအားရှင်းနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ့ကမ်းရိုးတန်းကို မေ ၁၄ ရက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သွပ်မိုးများနှင့် သစ်ပင်များ ကျိုးကြေပျက်စီးခဲ့သည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ စစ်တွေမြို့နယ်၊ သံတွဲမြို့မြို့နယ်၊ ဂွမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ်များရှိ အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ရွှေတွင်းရပ်ကွက်ရှိ မိုးနတ်ကုန်းချောင်းရေ ကျဆင်းမှုကြောင့်တင်ကျန်နေသော အမှိုက်/ဒိုက်ဖတ်များ ပိတ်ဆို့နေမှုအားရှင်းနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ် သစ်ပင်ပြိုကျမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက လူမှုကွန်ရက်တွင် မေ ၁၄ ရက်က ရေးသားဖော်ပြခဲ့သည်။

စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင် ပြိုကျမှုကြောင့် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ နေရာအများအပြားတွင် လျှပ်စစ်နှင့် အင်တာနက် ချိတ်ဆက်မှု ပြတ်တောက်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင် ပြိုကျခဲ့သည့် ဗီဒီယိုကို မှတ်တမ်းတစ်ခုတွင် ပြသခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲလေဆိပ်မှာ မိုချာမုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦတစ်ခု ပြိုကျခဲ့သည်။ စစ်တွေမြို့၏ လမ်းများ ရေလျှံကာ အဆောက်အအုံ အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လာမည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သော မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် တစ်ရက်တည်းတွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်း ၅၀ နှင့် ၅၅ နှစ်အတွင်းတွင် မိုးရေချိန် စံချိန်သစ်များတင်သည်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။

“မိုးရေချိန်တွေ အရမ်းမြင့်ရတာက မုန်တိုင်းကြောင့် ဖြစ်ပါတယ်’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက မေ ၁၄ ရက်တွင် ပြောသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းတို့ကို ပြည်သူများအနေဖြင့် အထူးသတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်သို့ လုံးဝ(လုံးဝ)မထွက်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၂၂း၃၀ နာရီတွင် အသိပေးချက်ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးဖြစ်ပေါ်သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မကြာသေးမီနှစ်များအတွင်းက ဒေသများအား တိုက်ခတ်မှု အပြင်းထန်ဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)