Connect with us

Myanmar

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် စီအင်န်ဂျီသုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိပါက စီအင်န်ဂျီ ပိတ်သိမ်းသည်အထိ အရေးယူသွားမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် YBS စီးနင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် စီအင်န်ဂျီသုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီ ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မတ် ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာတွင်ဖော်ပြထားသည်။

YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်လာဖို့၊ ယာဉ်တွေများများပြေးဆွဲနိုင်ဖို့အတွက် CNG သုံး YBS ယာဉ်တွေ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမပြေးဆွဲဘဲ ကြိုပို့ယာဉ်အဖြစ်ဆောင်ရွက်တာတို့၊ တခြားနည်းအသုံးပြုတာတို့လုပ်ခဲ့ရင် CNG ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ပါတယ်” ဟု မတ်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“CNG အသုံးပြုတဲ့ YBS ယာဉ်တွေအနေနဲ့ နိုင်ငံတော်ကနေပြီးတော့ ဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးပြီး ဝယ်ယူခွင့်ပြုတဲ့အတွက်ကြောင့် CNG အသုံးပြုတဲ့ YBS ယာဉ်တွေကို အခြားနေရာတွေမှာ အသုံးပြုလို့ရှိရင် CNG ပိတ်သိမ်းခြင်းကို ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခင်က YBS စီးနင်းသည့် ခရီးသည် ၁.၄၆ သန်းခန့် ရှိရာမှ စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မ စနစ် ကျင့်သုံးချိန်တွင် ခရီးသည် ၁.၇ သန်းခန့်ထိ ရှိလခဲ့ပြီး ယခင်ထက် ခရီးသည်အရေအတွက် ၂၅၀,၀၀၀ ကျော် တိုးတက်စီးနင်းလာတယ်လို့ YRTC မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။
YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်စီးရေ ၅၄၀၀ ကျော်ရှိပြီး CNG အသုံးပြုယာဉ် ၅,ဝ၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏လမ်းညွှန်ချက်အရ ဒီဇယ်သုံး YBS ယာဉ်များကို တစ်ရက်လျှင် ဒီဇယ် လီတာ ၂ဝ တန်းစီဝယ်ယူနေရခြင်းမှ ၂၀ လီတာတိုးကာ နေ့စဉ်လီတာ ၄ဝ ကို ညဉ့်အချိန်တွင် ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရန် စီစဉ်ပေးလျက်ရှိသောကြောင့် ခရီးသွားပြည်သူများအတွက် ယာဉ်ထွက်စီးရေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG ဆိုင်ပေါင်း ၄၁ ဆိုင်ရှိပြီး နေ့စဉ်သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၂၂ သန်းကျော် ဖြန့်ဖြူးရောင်းချပေးနေရာ တစ်ရက်လျှင် CNG လာရောက်ဖြည့်တင်းသော CNG Taxi ယာဉ်များ၊ YBS ယာဉ်များ စုစုပေါင်း ၃၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)