Connect with us

Environment, Disasters & Accidents

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေး ဆောင်ရွက်စဉ် ( ဓာတ်ပုံ-ကိုကျော်ကျော်သန့်)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး ယနေ့ (စက်တင်ဘာ ၁၈ ရက် ) ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး၌ အရှိန်ပြင်းစွာမောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် စက်ဘီးသမားကို တိုက်ပြီး ဆက်လက်၍ လမ်းဘေးရှိ ဓါတ်တိုင်နှင့် စျေးဆိုင်များ တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ကားအောက်ထဲကနေ သေတဲ့လူရော ဒဏ်ရာရတဲ့လူတွေကိုရော ၁၀ မိနစ်လောက် ဆွဲထုတ် ကယ်ဆယ်ခဲ့လိုက်ရတယ်၊ ၃ ဦးသေတယ်၊ ဆေးရုံရောက်ပြီးမှ ဒဏ်ရာရတဲ့အထဲက ထပ်သေမသေတော့ မသိဘူး”ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သော ဂရုဏာတွဲလက် ပရဟိတအသင်း (လှိုင်သာယာ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို လှိုင်သာယာဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေးကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)