Connect with us

Politics, Law & Military

ခြေ – ဥ ပြင်ဆင်ရေး အစည်းအဝေးတွင် အခန်း ငါးခန်းဆွေးနွေး ပြီးစီး

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အဖွင့်စကား ပြောကြားစဉ်။

နေပြည်တော်၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အဆောင် D, ဒုတိယ ထပ်ရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ း ၀၀ နာရီ၌ ကျင်းပသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ၁၂ / ၂၀၁၉ က အခြေခံ ဥပဒေ အခန်း(၅) အား အပြီးသတ်ဆွေးနွေးမည် ဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် အခန်း ခုနစ်ခန်း ကျန်ရှိကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

“အခု အစည်း အဝေးတွေ ဥပဒေမှာ ဘယ်အချက်တွေ ပြင်မလဲ ဆိုတာကို ဒေတာ ကောက်နေတာ၊ အခြေခံ ဥပဒေက အခန်း (၁)ကနေ (၁၂) အထိ ရှိတယ်၊ ဒီအစည်းအဝေး တက်လာတဲ့ ပါတီအသီး သီးက လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ ပြင်ဆင်ချင်တဲ့ အချက်တွေကို ဒီမှာ တင်ပြကြတာပါ၊ အဲဒါကို ကျွန်တော်တို့က Data Collection လုပ်တာပါ၊ ဒီအဆင့်ပြီးရင် လွှတ်တော်ကို အစီရင်ခံစာ တင်ပြရမှာပါ၊ တစ်ခန်းစီ တစ်ခန်းစီ သွားနေရတာ၊ အခုမှ အခန်း (၅) ပဲ ရှိသေးတော့ နောက်ထပ် ခုနစ်ခန်း ကျန်ပါသေးတယ်၊ အဲဒါတွေ ပြီးမှ အစီရင်ခံစာရေးပြီး လွှတ်တော်ကို တင်ပြရမှာပါ” ဟု ၎င်းက အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာကို ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပနေစဉ်။

ယခု အစည်းအဝေးများသည် Data Collection လုပ်ခြင်းသာ ဖြစ်သောကြောင့် အစည်းအဝေးအတွင်း ကော်မတီဝင် ကိုယ်စားလှယ် များ အကြား သဘောထား ကွဲလွဲမှုများ မရှိကြောင်း၊ ကျန်အခန်း ခုနစ်ခန်းအတွက် ခန့်မှန်း ဆွေးနွေး ချိန် မည်မျှရှိပြီး လွှတ်တော်သို့ မည်သည့်အချိန်တွင် အစီရင်ခံစာ တင်သွင်းနိုင်မည် ဆိုသည်ကိုမှု လောလောဆယ် မခန့်မှန်းနိုင်သေးကြောင်းလည်း ပူးပေါင်းကော်မတီ ဥက္ကဌက ပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးသို့ ပူးပေါင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးအနက် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအဝင် ငါးဦးတို့ ခွင့်ယူခဲ့ကြကြောင်းသိရသည်။(Xinhua)