Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃)မှ စက်မှုဇုန် ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃)မှ စက်မှုဇုန် ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီလ ၂၃ ရက် နံနက်(၉)နာရီတွင် တောင်ဒဂုံစက်မှုဇုန်(၁)ခန်းမ၌ တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃) စက်မှုဇုန်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန်များကို အဆင့်မြှင့်တင်ဖို့ မိမိတိ့ု အစိုးရအဖွဲ့ စတင်တာဝန်ယူပြီးစဉ် ကာလကတည်းက ကြိုးစားခဲ့ကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးအဆင့် စက်မှုဇုန် အဆင့်မြင့်တင်ရေး ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ စက်မှုဇုန်များ အတွင်းမှာ အလုပ်လုပ်ကိုင်နေသည့် အခြေအနေ၊ အလုပ်လုပ်ကိုင်နေကြသည့် သူများ၏ အခြေအနေ၊ လက်ရှိစက်မှုဇုန်များ၏ အလုပ်သမားဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် အခြေအနေ တော်တော်များများကို လေ့လာခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

တောင်ဒဂုံ၏ စက်မှုဇုန်များ ပိုမို ဖွံ့ဖြိုးတိုးတက်လာပြီး ဒဂုံလေးမြို့နယ်မှာ ပေါ်ထွန်းလာမည့် နောက်ထပ် စက်မှုဇုန်တွေ အတွက်လည်း အဟောင်းများကို မြှင့်တင်ပြီး အသစ်တွေကို ထပ်မံ တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်း တည်ဆောက်သွားကြရမှာဖြစ်ကြောင်း၊ စက်မှုဇုန်များသည် မိမိတို့ တိုင်း၏ ငွေရှာပေးနေသည့် နေရာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ စက်မှုဇုန်များ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကော်မတီတွေ၊ ဌာနဆိုင်ရာတွေအားလုံး ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်အား စက်မှုဇုန်ကော်မတီများမှ တာဝန်ရှိသူများက စက်မှုဇုန်အတွင်း လျှပ်စစ်မီး ၊ လမ်းများ၊ ရေမြောင်းများ၏ အခြေအနေကိုလည်းကောင်း၊ ယာဉ်ရပ်နားကွင်းနှင့် မီးသတ်စခန်း ထားရှိရေးကိုလည်းကောင်း၊ ကျူးကျော်အိမ်များနှင့် လမ်းမများပေါ်တွင် စုပုံထားသော ပစ္စည်းများ၊ မော်တော်ယာဉ်များ၏ အခြေအနေကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။

ဆွေးနွေးတင်ပြချက်များကို ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းရာတွင် ယခုဖွဲ့စည်းပေးခဲ့သည့် ကော်မတီများသည် မိမိတို့ကိုယ်စား ပြောဆိုဆွေးနွေးလို့ မရပါက ဥပဒေအတိုင်း လုပ်ဖို့လိုကြောင်း၊ ဥပဒေအတိုင်း မဆောင်ရွက်နိုင်လျှင် ဆကလက်စီမံခန့်ခွဲလို့ ရမည်မဟုတ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)