Politics, Law & Military
ဂွမြို့၏ မြောက်ဘက်တွင် တရားမဝင် ငါးဖမ်း စက်လှေတစ်စီးနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားဟု ယူဆသူ ကိုးဦး ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
မြန်မာ့ရေပိုင်နက် ဂွမြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ၊ ဇီးကုန်းကျေးရွာကမ်းခြေနှင့် ရေမိုင် ၂ မိုင်ခန့်အကွာတွင် တရားမဝင် ငါးဖမ်း စက်လှေတစ်စီးနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားဟု ယူဆသူ ကိုးဦး ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။
အဆိုပါ အလျား ၂၅ ပေ၊ အနံ ၆ ပေ၊ အမြင့် ၈ ပေခန့်ရှိ စက်ပျက်နေသည့် စက်လှေပေါ်တွင် ငါးဖမ်းပိုက်များ တင်ဆောင်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် ၁၀ ဦးအား တွေ့ရှိပြီး တစ်ဦးမှာ သေဆုံးလျက်ရှိကြောင်း တွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ယင်း ဖမ်းဆီးရမိသူ ၉ ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ပြီး ကိုလ်ကတ္တားမှ ဇန်နဝါရီ ၁၃ ရက်တွင် ငါးဖမ်းစက်လှေဖြင့် ထွက်ခွာခဲ့ရာ ဇန်နဝါရီ ၂၈ ရက်တွင် စက်ပျက်၍ ပင်လယ်ပြင်တွင် မျောပါလာခဲ့ကြောင်း၊ သေဆုံးသူမှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အစာရေစာပြတ်၍ သေဆုံးခဲ့ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများအား ဂွမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး သေဆုံး သူတစ်ဦးအား ဂွမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။(Xinhua)