Politics, Law & Military
နိုင်ငံတော်၏ အခြေခံမူတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေး တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ညီလာခံ တတိယနေ့တွင် တင်ပြ
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယနေ့တွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ နိုင်ငံတော်၏ မူဝါဒများ အပိုင်းအား သဘောထား အမြင်များ တင်ပြရာတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေးအား အဓိကထား တင်ပြခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်မှူးကြီး မင်းဦးက မြန်မာနိုင်ငံ၏ ကာကွယ်ရေး နှင့် လုံခြုံ ရှင်သန်စွာ နေထိုင်နိုင်ရေး ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် တပ်မတော်ကို အဆင့်မြင့် တပ်မတော် တစ်ခု ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကာကွယ်ရေး အတွက် တပ်မတော် တစ်ရပ်သာ ထားရှိကြသည့် မူဝါဒ အတိုင်း တစ်ခုတည်းသော တပ်မတော်ကို တည်ဆောက်သွားရန် မဖြစ်မနေ လိုအပ်ကြောင်း တင်ပြခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စု တပ်မတော် တစ်ခုတည်းကိုသာ အင်အား တောင့်တင်းရန် ၊ စွမ်းရည် ထက်မြက်ရန် ၊ ခေတ်မီ တပ်မတော် ဖြစ်ရန် အတွက် စနစ်တကျ ခိုင်မာစွာ ဖွဲ့စည်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၈ တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိသည်ဟု ပြဌာန်းထားခြင်းသည် တစ်ခုတည်းသော တပ်မတော် ထားရှိရေး မူဝါဒ သာ ဖြစ်ကြောင်း ထည့်သွင်း တင်ပြခဲ့သည်။
ထို့ပြင် နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေး ဆိုင်ရာ အခြေခံသင့်သည့် မှုများ အပိုင်းမှ တပ်မတော်၏ မူဝါဒများအား ဒုတိယ ဗိုလ်မှူးကြီး ဇော်ဦး က လည်းကောင်း ၊ လက်နက်ကိုင် လမ်းစဉ်များ ချုပ်ငြိမ်းစေရေး အတွက် အခြေခံရမည့် လုပ်ငန်းစဉ်များအား ဗိုလ်မှူးကြီး ဇော်ဝင်းမြင့် က လည်းကောင်း အသီးသီး တင်ပြခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယနေ့တွင် အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၊ နိုင်ငံရေး ပါတီ စုစုပေါင်း ကိုယ်စားလှယ် ၃၃ ဦးက သဘောထား အမြင်များအား တင်ပြကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)