Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ၏ ဒုတိယနေ့အစည်းအဝေးသည် အောင်မြင်သည် ဟု ဆို

၂၁ ရာစုပင်လုံညီလာခံဒုတိယနေ့အစည်းအဝေး သဘာပတိအဖွဲ့ဝင်များကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁ ရက်

နေပြည်တော် MICC II တွင် ကျင်းပလျက်ရှိသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့ အစည်းအဝေးသည် အောင်မြင်သော အစည်းအဝေးဖြစ်သည်ဟု ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင်များက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“ဒီနေ့ တင်ပြချက် အားလုံးကို ခြုံ ပြီး ကြည့်မယ်ဆိုရင် တူညီတဲ့ အချက် အများ ကြီး ရှိပါတယ်။ ပထမ တူညီချက် ကတော့ အားလုံးက ငြိမ်းချမ်းရေးကို လိုလားတဲ့ အချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာလည်း NCA စာချုပ်မှာ ပါတဲ့အတိုင်း ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကို ထူထောင်ခြင်းအားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတဲ့ အချက်မှာလည်း တူညီပါတယ်။ နောက်တစ်ချက်က ညီလာခံမှာ အားလုံး ပါဝင်လာနိုင်ရေးအတွက် ကျန်နေတဲ့ အဖွဲ့သုံးဖွဲ့ပါဝင်လာအောင် တိုက်တွန်းကြဖို့ပြောနေတာတွေလည်း ကြားရပါတယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးဟာ အောင်မြင်တဲ့ အစည်းအဝေး ဖြစ်တယ်လို့ပြောချင်ပါတယ်” ဟု ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ ဆလိုင်း လျှန်မှုန်းဆာခေါင်က ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးလှမောင်ရွှေကလည်း “အစက ဒီလောက်တောင် အဆင်ပြေလိမ့်မယ်လို့မထင်ခဲ့ဘူး။ အခုက မျှော်မှန်းထားတာထက် ပိုပြီး အောင်မြင်တယ်လို့ပြောနိုင်ပါတယ်” ဟု ဆင်ဟွာသို့ပြောခဲ့သည်။ယနေ့ အစည်း အဝေးတွင် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ပါတီအလိုက် မူဝါဒများ၊ ရပ်တည်ချက်များကို ပြောကြားခဲ့ကြရာ နံနက်ပိုင်းတွင် အဖွဲ့၁၅ဖွဲ့ မှ ၁၅ ဦး၊ နေ့လယ်ပိုင်းတွင် အဖွဲ့ ၁၇ ဖွဲ့မှ ၁၇ ဦးတို့က တင်ပြခဲ့ကြောင်း သိရသည်။

အဖွဲ့ကိုယ်စားလှယ် တစ်ဦးအတွက် ပြောကြားချိန် ၁၀ မိနစ် ပေးထားရာ သတ်မှတ်ချိန်အတွင်း မိမိတို့တင်ပြလိုသည်များ ကျန်ရှိနိုင်သဖြင့် စာတမ်းများဖြင့် တင်ပြခွင့် ပြုထားပြီး ထိုစာတမ်းများကို နောင်တွင် စာအုပ်အဖြစ် စုစည်း ထုတ်ဝေသွားမည်ဟု ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင် ဦးဇော်ဌေးက ပြောသည်။

ယနေ့တင်ပြမှုများနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကိုယ်စားလှယ် စိုင်းကျော်ညွန့်က “ မနက်ပိုင်းမှာ အစိုးရဘက်က တင်ပြချက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်မယ်ဆိုတဲ့ အချက်ပါတယ်။ တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖက်ဒရယ် ဖြစ်ပြီးသားလို့ပြောတယ်။ ပြည်ခိုင်ဖြိုးပါတီ အပါအဝင်ပေါ့၊ တိုင်းရင်းသားပါတီနဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်ပါ ကတိတွေကို အကောင်အထည် ဖော်နိုင်မှသာ ငြိမ်းချမ်းမှု ရနိုင်မယ်လို့တင်ပြခဲ့တယ်” ဟု ဆင်ဟွာသို့ပြောခဲ့သည်။
ညီလာခံ တတိယ နေ့ဖြစ်သည့် စက်တင်ဘာလ၂ရက် မနက်ပိုင်းတွင် အဖွဲ့အစည်း ၁၅ ခုတို့မှ ၁၅ ဦးနှင့် နေ့လယ်ပိုင်းတွင် ၁၈ ဦး တို့က မိမိတို့၏ ၇ပ်တည်ချက် သဘောထားများကို တင်ပြကြမည်ဟု သိရသည်။(Xinhua)