Politics, Law & Military
နိုင်ငံတော် သမ္မတထံ မွန်ပြည်နယ် ဝန်ကြီးချုပ် နုတ်ထွက်စာတင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း နုတ်ထွက်စာတင်ရန် သမ္မတထံ သွားရောက်တင်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
“ခုပဲသွားတင်နေပါတယ်၊ သမ္မတ ခွင့်ပြုပြု မပြုပြု ကျွန်တော်ကတော့ ထွက်ပါပြီ၊ ဒီတစ်ကြိမ် ခွင့်မပြုလဲ နောက်တစ်ကြိမ်ထပ်တင်မှာပါ”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မည် ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ရေးသား ဖော်ပြခဲ့ပြီး ယနေ့ နိုင်ငံတော် သမ္မတထံ တရားဝင် နုတ်ထွက်ကြောင်း စာတင်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဦးမင်းမင်းဦးသည် ဘီးလင်းမဲဆန္ဒနယ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရကာ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ထပ်မံ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရကြောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ၁၉၇၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၄၇ နှစ် ရှိပြီဖြစ်ကာ အီလက်ထရောနစ် အင်ဂျင်နီယာ ဘွဲ့ရ တစ်ဦး ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်း နှင့် စားသောက်ကုန် လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua)