Connect with us

Politics, Law & Military

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁,၁၄၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက နေပြည်တော်တွင် ကျင်းပသော ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁,၁၄၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နေရာ ၃၉၀ အနက် ၃၂၀ နေရာ ၊ အမျိုးသား လွှတ်တော်နေရာ ၁၆၈ နေရာ အနက် ၁၆၆ နေရာ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် နေရာ ၆၅၂ နေရာ အနက် ၆၃၂ နေရာ နှင့် တိုင်းရင်းသားလူမျိုးစု နေရာ ၂၉ နေရာ စုစုပေါင်း ၁,၁၄၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့ အပါအဝင် ၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနား (ဆင်ဟွာ)

“တပ်မတော်ထဲ ရှိစဉ်ကလဲ အမျိုးသား နိုင်ငံရေး လုပ်ခဲ့တာ တပ်မတော်က ထွက်ပြီး အမျိုးသား နိုင်ငံရေး ဆက်လုပ်ချင်လို့ ရွေးကောက်ပွဲ ဝင်တာ” ဟု ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောသည်။ ရွေးကောက်ပွဲတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်သူ့ လွှတ်တော်နေရာ အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ရွေးကောက်ပွဲ အတွက် လက်ရှိ အစိုးရဖွဲ့ဝင် ၁၆ ဦး၊ ဒုတိယဝန်ကြီး ၂၂ ဦး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် (CEC) ၃၆ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၂၆ ဦး၊ ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦး ၊ ပါတီဝင်ဟောင်းအချို့နှင့် အသစ်များ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ ပါတီအနေဖြင့် တိုင်းရင်းသားဒေသ နေရာများဖြစ်သည့် ပန်ဆန်း၊ မိုင်းဘုန်း၊ မိုင်းလား စသည့် နေရာ ၃၂ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဦးမောင်မောင်သိမ်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးတွင် ကိုယ်စားလှယ်လောင်းများ ကြိုဆိုပွဲ ကျင်းပပြီး ပါတီ ဥက္ကဌ သူရ ရွှေမန်းက မိန့်ခွန်း ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီတစ်ခုသည် အပြတ်အသတ် နိုင်နိုင်ချေရှိသည့်ဟု ခန့်မှန်းရပြီး ပါတီဝင်များ အနေဖြင့် ဥပဒေကို လိုက်နာကာ သန့်သန့်ရှင်းရှင်း နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် နိုင်ငံတည်ငြိမ်ရေးကို လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူလူထုကို အလေးထားရန် ပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက ယနေ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ ကြိုဆိုပွဲတွင် ပြောကြားသည်။ (Xinhua)