Politics, Law & Military
ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့တို့တွင် ငွေကျပ် သိန်း တစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့တို့တွင် ငွေကျပ် သိန်း ၁၁,၈၉၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ၁၆း၃၀ နာရီ အချိန် ညောင်ချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ ဦးကျော်(ရခိုင်)ကျေးရွာအနီး၊ စိမ်းညှင်းပြားချောင်းဝ၌ သန်းထွန်း၊ တင်ညွန့်၊ မင်းလွင် နှင့် ဦးခင်တို့အား စက်လှေတစ်စီးနှင့်အတူတွေ့ရှိရှာဖွေရာ စက်လှေပေါ်ရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၂၅၀ ပြားကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၈ ရက်နေ့ ၁၂း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ မြို့မကညင်တန်းရပ်ကွက်၊ မောင်တော-အလယ်သံကျော် ကားလမ်း၊ မီးသတ်ရုံးအနီးတွင် မာမက်အီလီယက် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကိုရှာဖွေရာ သုံးဘီးဆိုင်ကယ်၏နောက်ခန်းရှိ ခေါက်ဆွဲခြောက်ဂျပ်ဖာနှင့် စက္ကူဂျပ်ဖာများအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇,၅၀၀ ပြားကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် သန်းထွန်း(၅၁)နှစ်၊တင်ညွန့်(၄၉)နှစ်၊ မင်းလွင်(၂၃)နှစ်၊ ဦးခင်(၃၀)နှစ် နှင့် မာမက်အီလီယက်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)