Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဗန်းမော် ခရိုင် နှင့် မိုးညှင်း ခရိုင် တို့ရှိ ပြန်လည် စွန့်လွှတ်မြေ များအား မူလ တောင်သူ များထံသို့ လွှဲပြောင်း ပေးအပ်

ကချင်ပြည်နယ် ဗန်းမော် ခရိုင်ရှိ ပြန်လည်စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် နှင့် မိုးညှင်း ခရိုင် တို့၌ ပြန်လည်စွန့်လွှတ်မြေများ မူလ တောင်သူ များထံသို့ ဒီဇင်ဘာ ၆ ရက်တွင် အခမ်းအနား များဖြင့် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဗန်းမော် ခရိုင် ၊ ဗန်းမော်မြို့နယ်အတွင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာဧက (၁၀၀) ကို မူလတောင်သူ (၁၆)ဦးထံသို့လည်းကောင်း၊ မိုးမောက်မြို့နယ် အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ အမြောက်တပ်ရင်းမှ စွန့်လွှတ်သည့်မြေ(၁၆ ဒသမ ၅၁)ဧကကို မူလတောင်သူ (၅)ဦး ထံသို့လည်းကောင်း ၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၆) ရင်းမှ စွန့်လွှတ်မြေ စုစုပေါင်း (၂၈၀ ဒသမ ၂၁)ဧက ကို မူလတောင်သူ (၄၀)ဦးထံသို့ လည်းကောင်း၊ မံစီမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း (၁)ရင်းမှ စွန့်လွှတ်မြေ(၇၂ ဒသမ ၈၀)ဧကကို တောင်သူ(၂၃)ဦးထံသို့ လည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦး ဟင်နရီ ဗန်ထီးယူက ယခုကဲ့သို့ တောင်သူများ လယ်ဝယ်သို့ စိုက်ပျိုးမြေများ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက် ပေးခြင်းဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ အတွက် အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာလုပ်ငန်း များပိုမိုဖွံ့ဖြိုးလာပြီး လူမှုစီးပွားဘဝတိုးတက်အောင် ပံ့ပိုး ပေးနိုင်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် စီမံကိန်းအတွက် သိမ်းဆည်းထားပြီး အသုံးမပြုတော့သည့် မြေများ ကိုလည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် စွန့်လွှတ်လွှဲပြောင်းပေးနိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ဗန်းမော်ခရိုင်အတွင်းရှိ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများအား ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လယ်ယာမြေများကို လက်ဝယ် ပြန်လည် ရရှိပြီး ဖြစ်ကြသည့် တောင်သူလယ်သမား ကြီးများ အနေဖြင့်လည်း နိုင်ငံတော်၏လုပ်ကိုင်ဆောင်ရွက်ပေးနေမှုများကို နားလည် သိမြင်၍ တစ်မိသားစုဝမ်းစာဖူလုံရေးမှတဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အထောက် အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများဖြစ်ရေးအတွက် ပိုမိုကြိုးပမ်းလုပ်ကိုင်ဆောင် ရွက်သွားကြရန် တိုက်တွန်းကြောင်း ဒုတိယသမ္မတ ဦး ဟင်နရီ ဗန်ထီးယူက ပြောကြားခဲ့သည်။

ထို့အတူ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၂)ရင်းမှ စွန့်လွှတ်သည့် မြေ ဧရိယာ (၁၁၄ ဒသမ ၂၃) ဧကကို မူလတောင်သူ (၁၅)ဦးထံသို့ လည်းကောင်း၊ မိုးကောင်းမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်ရင်း(၄)ရင်းမှ စွန့်လွှတ်သည့် မြေဧရိယာ(၈၁ ဒသမ ၈၆) ဧကကို မူလ တောင်သူ (၁၀)ဦးထံသို့ လည်း ကောင်း၊ ဖားကန့်(ကာမိုင်း)မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း တပ်ဖွဲ့များမှ စွန့်လွှတ်သည့် မြေဧရိယာ (၁၃၇ ဒသမ ၄၈)ဧကကို မူလတောင်သူ (၁၄)ဦးထံသို့ လည်း ကောင်း၊ စုစုပေါင်း စွန့်လွှတ်မြေ(၃၃၃ ဒသမ ၅၇)ဧကကို မူလတောင်သူ(၃၉)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.