Politics, Law & Military
ခိုင်မာသောပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းကြလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး၏ ခိုင်မာ သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်း ညီညွတ်စွာ ကြိုးပမ်းကြလျှင် အနာဂတ် ကာလတွင် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကေရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော် သမ္မတ၏ (၇၃) ကြိမ်မြောက် လွတ်လပ် ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
“ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်စွာဖြင့် အချင်းချင်း ဖေးမကူညီခြင်း၊ စာနာထောက်ထားခြင်း၊ ဆွေးနွေး ညှိနှိုင်းခြင်း၊ သံသယကင်းစင်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန်နားလည်မှု ရှိခြင်း၊ အပြန်အလှန်ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့သည် ပြည် ထောင်စု စိတ်ဓာတ်၏ အရင်းခံပင် ဖြစ်သည်” ဟုလည်း ၎င်းသဝဏ်လွှာ၌ ဖော်ပြ ထားသည်ကို ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။
အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပေဒကို ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်လည်းကောင်း၊ နိုင်ငံတော်၏ ပကတိ အခြေအနေများအရလည်းကောင်း၊ ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့် လည်းကောင်း ကိုက်ညီစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဆက်လက် ဖော်ပြ ထားသည်။
ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ် စောင့်ရှောက်ရေး၊ – လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေး တရား မျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေရေးရာ ညီမျှှုမှု တို့ကို နိုင်ငံသား အားလုံး တန်းတူရည်တူရရှိ ခံစားရေး၊ – စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရေးအတွက် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဦးတည် ကြိုးပမ်း ဆောင်ရွက်ရေး၊- ပြည်ထောင်စုကြီးထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ် မွေးမြူ၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ – နိုင်ငံဘက် စုံဖွံ့ဖြိုး တိုးတက်စေရေး နှင့် အရှိန်အဟုန်မြင့် ကြိုးပမ်း ဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး ဟူသည့် အမျိုးသားရေး ဦးတည်ချက်များဖြင့် နေပြည်တော်၊ မြို့တော် ခန်းမ အရှေ့တွင် ယနေ့ နံနက် ကျင်းပခဲ့သည့် (၇၃)ကြိမ်မြောက် လွတ်လပ်ရေးနှင့် အခမ်းအနားသို့ လွှတ်တော် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရပ်ဘက် စစ်ဘက် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ (Xinhua)