Connect with us

Politics, Law & Military

AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦး ပြန်လည်လွတ်မြောက်

ပြန်လည်လွတ်မြောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ -တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦး ယနေ့ (ဇန်နဝါရီ ၁ ရက်)တွင် ပြန်လည် လွတ်မြောက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့နှင့် တိုက်ပွဲများဖြစ်ပွားစဉ် ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် တပ်မတော်သားသုံးဦးတို့ကို တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်များအရ AA အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်း အသီးသီးထံသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသော လွတ်တော်ကိုယ်စားလှယ်များအား ကြိုဆိုစဉ် (ဓာတ်ပုံ -တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ပြန်လည်လွတ်မြောက်လာသော လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်ပြီး ဆေးစစ်ပေးမှုများပြုလုပ်စဉ် (ဓာတ်ပုံ -တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

“အခုလိုပြန်လွှတ်ပေးတာ ငြိမ်းချမ်းရေးအတွက်ကောင်းတဲ့အလားအလာပဲ၊ ကျွန်တော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြဲလက်ကိုင်ထားတဲ့အတွက် ကြိုဆိုပါတယ်၊ ကောင်းတဲ့အလားအလာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆင်ဟွာသို့ပြောကြားသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက်ခေါ်ဆောင် ပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြန်လည်လွတ်မြောက်လာသော အဆိုပါလွှတ်တော်ကိုယ်စားလှယ်သုံးဦးအား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးဆေးစစ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် COVID-19 ရောဂါပိုးကင်းရှင်းကြောင်းသိရသည်။ (Xinhua)