Connect with us

Politics, Law & Military

ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းမှ ဆေးဝါးများခိုးယူသူ နှင့် ရောင်းချ ပေးသူများကို ဖော်ထုတ်ဖမ်းဆီး

ပြစ်မှုကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့် တွေ့ရစဉ်(ဓာတ်ပုံ - Yangon Police)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟို ကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်း ထားရှိသော သိန်း ၄၆၀ ကျော်တန်ဖိုးရှိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး နှင့် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးများကို ခိုးယူသူ နှင့် ရောင်းချပေးသူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟို ကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်းထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးထားခြင်း လုံးဝမရှိသေးသော သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးပုလင်းပေါင်း(၁၉၀,၅၅၂)ပုလင်းအနက် (၅,၈၁၀)ပုလင်းနှင့် အသည်းရောင် အသားဝါ B ကာကွယ်ဆေး (၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး(၇၀၀)လုံး စုစုပေါင်းတန်ဖိုး (၄၆,၀၈၁,၇၆၈)ကျပ် ပျောက်ဆုံးနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး အအေးခန်းမှ ဦးစီးအရာရှိက ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံ စုံစမ်းခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ (၂၇/အပေါ်)လမ်း၊ တိုက်(၂၀၂)၊ (ပ)ထပ်နေ တင်အေး (ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ ၏ ဆေးဆိုင်တွင် ရောင်းချကြောင်း စုံစမ်းသိရှိရသဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ ၏ ဆေးဆိုင် အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၆၄၃)လုံး သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ အား စစ်မေးရာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာနေ စိုးမြင့်(ခ)စလိုဒါဂျူး က လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း ထွက်ဆိုချက်အရ စိုးမြင့်(ခ)စလိုဒါဂျူး အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ သစ်ခွမြိုင်လမ်း၊ အမှတ်(၅၇)နေ ဝဏ္ဏထွန်း က ရောင်းခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ၊ ဝဏ္ဏထွန်း ပါ (၃)ဦးအား အမှုဖြင့်ဖမ်းဆီးပြီး တိုက်ဆိုင်စစ်ဆေးရာ ဝဏ္ဏထွန်း က Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅,၈၁၀)လုံး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး တို့အား ခိုးယူပြီး စိုးမြင့်(ခ)စလိုဒါဂျူး အား ရောင်းချခိုင်းခြင်း ဖြစ်ကြောင်း ၊ စိုးမြင့်(ခ)စလိုဒါဂျူး က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများအား ဆေးဝါးရောင်းချသူ တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ၊ သန်းထွန်း(ခ)အီမရမ်း(ခ)စာကလေး၊ အောင်နေဦး နှင့် စလင်း တို့ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅,၅၁၃)လုံး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး(၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (၇၀၀)လုံး အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ဝဏ္ဏထွန်း ပါ (၆)ဦးကို ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)