Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၁၁ခုမှ အကျဉ်းသား ၂၂၀၀ကျော် လွတ်မြောက်မည်

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၂၂၀၀ကျော် ယနေ့ ဧပြီ ၂၆ ရက်၌ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ကလေးထောင်မှ အကျဉ်းသား/သူ ၄၁၂ဦး၊ ကသာထောင်မှ ၁၀၄ ဦး၊ ရွှေဘိုထောင်မှ ၅၁၅ ဦး၊ မုံရွာထောင်မှ ၁၆၄ဦး၊ ခန္တီးထောင်မှ ၂၅၇ ဦး၊ မြို့သစ်စခန်းမှ ၁၂၈ ဦး၊ သနန်စခန်းမှ ၁၃၈ ဦး၊ ဗန္ဓုလစခန်းမှ ၁၃၀ ဦး၊ အုတ်ဖိုစခန်းမှ ၁၀၇ ဦး၊ ရာဇဂြိုလ်(၁)စခန်းမှ ၁၃၄ဦးနှင့် ရာဇဂြိုလ်(၂)စခန်းမှ ၁၂၆ဦး စုစုပေါင်း ၂၂၁၅ ဦး လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နိုင်ငံတော်သမ္မတက အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၁၁ခုမှ အကျဉ်းသား ၂၂၀၀ကျော် လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက ဧပြီ ၁၇ ရက်တွင်လည်း လွတ်ငြိမ်းချမ်းသာခွင့် ၉၅၃၅ ဦး လွတ်ပေးခဲ့ရာ စစ်ကိုင်းတိုင်းအတွင်းမှ အကျဉ်းသူ/အကျဉ်းသား ၁၂၀၀ကျော် လွတ်မြောက်ခဲ့သည်။
မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁) အရ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထို့အတူ ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက် ရှိပြီး လွတ်ငြိမ်း သက်သာခွင့် ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)