Connect with us

Politics, Law & Military

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီအား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ UBP ပါတီအား မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်အား တွေ့ ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP)အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဧပြီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

နေပြည်တော် ၊ ဥတ္တရ ခရိုင် ၊ ပုဗ္ဗသီရိ မြို့နယ် ၊ ရာဇသင်္ဂဟလမ်း ၊ အိမ်အမှတ်(A-3)တွင် ပါတီ ရုံးချုပ် ဖွင့်လှစ် ထားရှိသော ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီအား နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်း အပါအဝင် ၁၉ ဦးသည် နိုင်ငံရေး ပါတီ တစ်ရပ်အား တည်ထောင်ရန် ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံသို့လျှောက်ထားခဲ့သည်။

UBP ပါတီသည် နိုင်ငံတော် နှင့် လူတစ်ဦးချင်းစီ၏ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေးတို့ကို တိုးတက် ကောင်းမွန်စေရန် ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ လုံခြုံမှု နှင့် လွတ်လပ်ခွင့် ရရှိစေရန် ၊ ဒေသ နှင့် နိုင်ငံတော် အတွက် ကောင်းကျိုး ဆောင်နိုင်ရန် နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုကြောင်း သူရ ဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ရက်စွဲဖြင့် ဖော်ပြခဲ့သည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်မှ စ၍ လက်ရှိ အချိန်ထိ မှတ်ပုံတင် ခွင့်ပြုခဲ့သည့် နိုင်ငံရေး ပါတီ စုစုပေါင်း ၁၀၀ ကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် ဖော်ပြထားမှု အရ သိရသည်။(Xinhua)