Connect with us

Politics, Law & Military

နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး၌ ရခိုင်ပြည်နယ်တွင်းရှိ သွားရောက်နိုင်ရေး ဆွေးနွေး

မောင်တောမြို့ဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကနဦး သွားရောက်နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး၏ နောက်ဆက်တွဲအနေဖြင့် ယင်းလုပ်ငန်းအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UNDP နှင့် UNHCR ရန်ကုန်ရုံးတို့မှ ကိုယ်စားလှယ်များသည် ဇူလိုင် ၁၈ ရက်တွင် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံရာတွင် လုပ်ငန်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကနဦး သွားရောက်နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပထမအကြိမ်မြောက် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် UNDP နှင့် UNHCR မှ အဆိုပြုလာသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ လျာထားသော ကျေးရွာအုပ်စု ၃၁ အုပ်စုအောက်ရှိ ကျေးရွာများတွင် Assessment ပြုလုပ်သွားနိုင်ရန် လုပ်ငန်းအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက်မည့် ကျေးရွာအုပ်စုတို့ သတ်မှတ်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာကို အဆိုပြုလုပ်ငန်း အစီအစဉ်နှင့်အညီ ၃ လ နှင့် ၆ လ အစီအမံများ ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းအစီအစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူ့အသိုက်အဝန်းများအကြား ရေရှည်တည်တန့်သည့် လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍများနှင့် သဟဇာတ ရှိစေမည့် အခြေခံများကို ပံ့ပိုးကူညီသွားမည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါ လုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၁ မှ ၂၃ ရက်အထိ ကနဦး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)