Connect with us

Politics, Law & Military

လူငယ်များ အဆင့်မြင့် ဒီဂျစ်တယ်ပညာ တတ်မြောက်ထားဖို့လိုအပ်

ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီး အဖွင့် မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ကျောင်းသူ ကျောင်းသား လူငယ်များသည် အဆင့်မြင့် ဒီဂျစ်တယ် ပညာရပ်များ တတ်မြောက်ထားဖို့ မရှိမဖြစ် အရေးကြီးသည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြောကြားခဲ့သည်။

“နယ်ပယ် အသီးသီးမှာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ဖို့ လိုအပ်နေတဲ့ယနေ့ခေတ်မှာ မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသား လူငယ်တွေအနေနဲ့ ခေတ်မီ အဆင့်မြင့် ဒီဂျစ်တယ် ပညာရပ်တွေ တတ် မြောက်ထားဖို့ မရှိမဖြစ် အရေးကြီးလှပါတယ်” ဟု နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ယနေ့ နံနက်ပြုလုပ်သော ‘နွေရာသီ ဒီဂျစ်တယ် နည်းပညာ သင်တန်းများ ဖွင့်လှစ် ပြီးဆုံးခြင်းနှင့် Laptop များလှူဒါန်းသည့် အခမ်းအနား’ တွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

တယ်လီနော မြန်မာ ၏ Chief Corporate Affairs Officer Mr. Hans Martin Hoegh Henrichsen အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်မှု ရေရှည်တည်တံ့စေဖို့ သတင်းအချက်အလက် နည်းပညာ ကဏ္ဍတွင် အရည်အသွေးမြင့်မားသော ကျွမ်းကျင်လုပ်သားများ မရှိမဖြစ် လိုအပ်နေကြောင်း၊ ခေတ်မီ လုပ်သား ဈေးကွက်တွင် မြန်မာလူငယ်များ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာရးအတွက် ကမ္ဘာ့ အဆင့်မီ နည်းပညာများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချပြီး ဆန်းသစ် တီထွင်မှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းသည် တစ်မျိုးသားလုံး၏ ပညာရေး တိုးတက်မှုအတွက်သာမက နိုင်ငံ့ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက အရေးပါသော မောင်းနှင်အားတစ်ရပ်ကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းက ကျောင်းသား ကျောင်းသူများနှင့် လိုက်လျောညီထွေမှု ရှိပြီး အရည် အသွေး ပြည့်မီသောပညာရေး စနစ်တစ်ခုကို ကျေးလက် မြို့ပြ မခွဲဘဲ သာတူညီမျှ ပေးအပ်နိုင်ဖို့ ဦးတည်ရည်မှန်း အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ သည်။

မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

အဆိုပါ လူထု အကျိုးပြုစီမံကိန်း တစ်ခုဖြစ်သည့် နွေရာသီ ဒီဂျစ်တယ် နည်းပညာ သင်တန်းများ ဖွင့်လှစ်ခြင်း အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ တယ်လီနောမြန်မာ၊ KMD , Ericsson, Irrawaddy Green Towers နှင့် MIDO (Myanmar ICT for Development Organization) တို့ ပူးပေါင်း ဆေင်ရွက်ကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် နည်းပညာ တတ်မြောက်မှုပိုမို ကောင်းမွန် လာစေရန်နှင့် ကျေးလက်နှင့် မြို့ပြအကြား ဒီဂျစ်တယ် နည်းပညာ တတ်မြောက်မှု ကွာဟချက်ကို လျော့ကျသွားစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တယ်လီနော မြန်မာ ၏ Chief Corporate Affairs Officer Mr. Hans Martin Hoegh Henrichsen က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ပညာရေးမှူးများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်စဉ် (ဆင်ဟွာ)

၎င်းက “ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားကျောင်းသူတွေကို အခြေခံ ခေတ်မီ ဒီဂျစ်တယ် အတတ်ပညာတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာစေဖို့၊ အွန်လိုင်းကတစ်ဆင့် ရရှိတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံက ကလေးငယ်တွေ အကျိုး ရှိရှိ အသုံးချနိုင်စေဖို့ပါ” ဟု ပြောခဲ့သည်။

အဆိုပါအစီအစဉ်အရ ၂၀၁၈ ခုနှစ် နွေရာသီတွင် နိုင်ငံတစ်ဝန်းမှ ကျောင်းသား ကျောင်းသူ ၂၅၀၀၀ တို့ကို သင်ကြား ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတစ်သိန်းခန့်အထိကို သင်ကြား ပေးနိုင်မည် ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နွေရာသီ ဒီဂျစ်တယ် နည်းပညာသင်တန်း ဦးစီးကော်မတီများ၊ တိုင်းဒေကြီး / ပြည်နယ်များမှ ပညာရေးမှူးများ၊ တယ်လီနော မြန်မာနှင့်် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တယ်လီနောမြန်မာက ပညာရေး ဝန်ကြီးဌာန ထံ လက်တော့ပ် အလုံး ၂၄၀ ကျော် လှူဒါန်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)