Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက်မရှိ အတည်ပြုပေးနိုင်ရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အစီရင်ခံ တင်ပြ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၏ အတည်ပြုချက် အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုပေးနိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား ယနေ့ဧပြီ ၄ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား လက်ခံရရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီးနောက် ဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်သို့တင်ပြ အစီရင်ခံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)
“ယနေ့ကော်မတီ အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် နည်းဥပဒေများအရ အခြေခံရမယ့်မူ ၁၂ ချက်နဲ့တိုက်ဆိုင် စစ်ဆေး လေ့လာခဲ့ရာ ဥပဒေကြမ်းတွင် အခန်းပေါင်း ၅ ခန်းနဲ့အပိုဒ် ၈ ခု ပါရှိပါတယ်။ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ပါ ပြဌာန်းချက်နဲ့အညီ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနဲ့အညီ အတည်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် အများစုသည် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြင်ဆင်ချက် မရှိ အတည်ပြုသင့်ကြောင်း သဘောတူညီကြပါတယ်။”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။
သို့ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှုး ဦးစတီဗန် နှင့် ကော်မတီဝင် ဗိုလ်မှုးချုပ် မောင်မောင်တို့နှစ်ဦးက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်များအနက် ပြန်လည် စိစစ်ရန် လိုအပ်ကြောင်း ၊ စကားရပ်များအား ပြင်ဆင်ရန် နှင့် နိုင်ငံတော် အတွက် အရေးကြီးသည့် ဥပဒေကြမ်းကို စိစစ်ရန် အချိန် လုံလောက်မှု မရှိခြင်း ၊ မဏ္ဍိုင်များ ရောထွေးနေခြင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါရှိသော စကားရပ်များ သုံးနှုန်းထားခြင်းများကို တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ထိုဥပဒေကြမ်းအား ယင်းပုဂ္ဂိုလ် ၂ ဦးမှ လွဲ၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အများစု၏ သဘောတူညီချက် အရ အမျိုးသား လွှတ်တော်၏ အတည်ပြုချက် အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုပေးနိုင်ရန် အစီရင်ခံ တင်ပြခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက် အဆို တင်သွင်း ဆွေးနွေးလိုသူများအား ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ် ၊ အပိုဒ်ခွဲ ၊ အကြောင်းအရာကို တိတိကျကျ ဖော်ပြ၍ ဧပြီ ၅ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
ယင်းနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ် မောင်မောင်က ဥပဒေကြမ်းအား စဉ်းစား ဆွေးနွေးနိုင်ရန် ၊ ပြင်ဆင်ချက်များ တင်သွင်းနိုင်ရန် အချိန် လုံလုံလောက်လောက် ပေးနိုင်ရန် တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဥပဒေကြမ်းအား ဆွေးနွေးရာတွင် ဥက္ကဋ္ဌမှ သင့်လျော်သည်ဟု ထင်မြင်ယူဆပါက အချိန်ကို သတ်မှတ်၍ ရသဖြင့် ယခု သတ်မှတ်ထားသည့် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.