Connect with us

Politics, Law & Military

ပါတီအောင်နိုင်ရေး လုပ်ရာတွင် နိုင်ငံ့ ဥပဒေနှင့် ပါတီ စည်းကမ်းများ လိုက်နာဖို့ အထူးသတိထားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ တိုက်တွန်း 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ပါတီ ဒုတိယ ဥက္ကဌများ နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ကြွရောက်လာစဉ်။(ဓါတ်ပုံ- NLD)

နေပြည်တော်၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီဝင်များ အနေဖြင့် ပါတီအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ ဥပဒေနှင့် ပါတီ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာကြဖို့ အထူးသတိထားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တိုက်တွန်းပြောကြားခဲ့သည်။ 

 “တရားဥပဒေ စိုးမိုးရေးအတွက် လုပ်နေတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ်ကိုယ်တိုင်က တရားဥပဒေကို လေးစားရမယ်၊ လိုက်နာရမယ်၊ လက်ရှိ  ဖွဲ့စည်းပုံ အခြခံ ဥပဒေဟာ ဒီမိုက်ရေစီ စံနှုန်းတွေ နဲ့အပြည့််အ၀ မကိုက်ညီဘူးလို့ ကျွန်မတို့ ယူဆတဲ့အတွက် ပြုပြင် ပြောင်းလဲဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တစ်ခု ထူထောင်နိုင်ဖို့အတွက် ကျွန်မတို့ ပြုပြင်ဖို့ကြိုးစားနေပါတယ်၊ ဒါပေမယ့် ဥပဒေတွေကို ပြုပြင် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာပဲ တည်ဆဲ ဥပဒေတွေကို လိုက်နာဖို့ ဆိုတာဟာ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ မူဝါဒ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်နိုင်ရေးအတွက် လုပ်တဲ့အခါမှာ နိုင်ငံ့ ဥပဒေတွေ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ အထူး သတိထား ကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ပါတီ ဒုတိယ ဥက္ကဌများ နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ကြွရောက်လာစဉ်။(ဓါတ်ပုံ- NLD)

နေပြည်တော် MICC II တွင် ယနေ့နံနက် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် တို့မှ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနား၌ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး“ကျွန်မတို့ဟာ ဥပဒေဘောင်အတွင်းက လုပ်မှ ကိုယ်ပြောသလို ကိုယ်လုပ်တဲ့ ပါတီ ဆိုပြီး ပြည်သူ လူထုက ယုံကြည်နိုင်မှာ ဖြစ်ပါတယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ပြည်သူလူထုက ဘယ်တော့မှ ယုံကြည်မှု ရှိနိုင်မှာ မဟုတ်ပါဘူး၊ ကျွန်မတို့က ပြည်သူ့ရဲ့ ထောက်ခံ မှုကို တောင်းဆိုတဲ့အခါ ယုံကြည်စွာနဲ့ ပေးတဲ့ ထောက်ခံမှုကိုသာ လိုချင်ပါတယ်၊ ကျွန်မတို့ကလည်း ပုထုဇဉ် လူသားတွေနဲ့ ဖွဲ့ထားတဲ့ နိုင်ငံရေး ပါတီ တစ်ခု ဖြစ်တာကြောင့် ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘဲ အားနည်းချက်များ ရှိနိုင်ပါတယ်၊၊

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တို့မှ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

 လွဲချော်မှုတွေ ရှိနိုင်ပါတယ်၊ သို့သော်ငြားလည်း ကျွန်မတို့ရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာဟာ မှန်တယ်၊ ကျွန်မတို့ရဲ့ မူဝါဒတွေဟာ ခိုင်မာတယ်၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပုံစံအတိုင်း ဖြစ်တယ် ဆိုတာကို ပြည်သူက ယုံကြည်လို့ရှိရင် ဒါဟာ ကျွန်မတို့ အတွက် မင်္ဂလာတစ်ပါးပါပဲ”ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌနှင့်အတူ ဂုဏ်ထူးဆောင် နာယကကြီး ဦးတင်ဦးနှင့် ဒုတိယ ဥက္ကဌများ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.