Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ ပါဝင် တက်ရောက် ၊ မြန်မာနိုင်ငံက လာအိုနိုင်ငံထံမှ ပူးတွဲဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ အစည်းအဝေး ပါဝင်တက်ရောက်စဉ်(ဓာတ်ပုံ - Myanmar President Office)

 

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးသို့ ယနေ့ ဩဂုတ် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံ ဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်မှုပြုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု မူဘောင်၏ အနာဂတ် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်က ဆွေးနွေးရာတွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ခံစားခဲ့ရသူများအတွက် ဝမ်းနည်းပါကြောင်းနှင့် COVID-19 ကပ်ရောဂါကို မှန်ကန်သော စီမံခန့်ခွဲမှုများဖြင့် အောင်မြင်စွာ ထိန်းချုပ် ထားနိုင်ခဲ့ခြင်းအတွက် မဲခေါင်-လန်ချန်းနိုင်ငံများ၏ အစိုးရအဖွဲ့များကို ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ အကူအညီများ ပေးအပ်ခဲ့ခြင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ အစည်းအဝေး ပါဝင်တက်ရောက်စဉ်(ဓာတ်ပုံ – Myanmar President Office)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ဆွေးနွေးရာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုပြီး အာဆီယံအသိုက်အဝန်း တည်ထောင်ရေး နှင့် ၂၀၃၀ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုလျက်ရှိပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ တိုးမြှင့်ရရှိရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု နှင့် လက်နက်ခဲယမ်းများ တရားမဝင် ရောင်းဝယ်မှုစသည့် သမားရိုးကျ မဟုတ်သော စိန်ခေါ်မှု များအား ရင်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် မဲခေါင်-လန်ချန်း နိုင်ငံများ၏ ပေါင်းစည်းမှု အင်အားသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။

ထို့ပြင် အနာဂတ်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုမျာ နှင့် အနာဂတ် ကာလ၏ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးကို မျှော်မှန်း၍ ကျန်းမာရေး ကဏ္ဍအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍသစ်များအား အချိန်ကိုက် တိုးချဲ့နိုင်ခဲ့ခြင်းအတွက် ချီးကျုးပါကြောင်း၊ ကူးစက်ရောဂါများ အထူးသဖြင့် COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးသုတေသနပြုမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း၊ ထို့အပြင် အဆိုပါကာကွယ်ဆေးများကို လူတိုင်း လက်လှမ်းမီ သုံးစွဲခွင့်ရရှိနိုင်ရေး အတွက် လုပ်ငန်း အစီအစဉ်တစ်ရပ်အား ထူထောင်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်းပေါင်းစည်း ဆက်နွှယ်မှု မြှင့်တင်ရေးနှင့် စီးပွားရေးပေါင်းစည်းမှု တို့သည် ကုန်စည်လွတ်လပ်စွာ စီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် အခြားသော ပူးပေါင်း ဆောင်ရွက်မှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် များစွာအရေးကြီးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မဲခေါင်နိုင်ငံများအနေဖြင့် ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံ အလိုက် အမျိုးသားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများအား ချိတ်ဆက် အထောက် အကူပြုရန်အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ ထူထောင်ပေးပြီး ရန်ပုံငွေများထောက်ပံ့ကူညီပေးလျက်ရှိသည့် တရုတ်နိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာအိုနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းလက်ခံရယူသည့် အစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံ ဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူပြီးနောက် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ လာမည့်(၂)နှစ်တာ ကာလအတွက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန်တစ်ရပ် အဖြစ် “ဗီယင်ကျန်းကြေညာစာတမ်း” မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြည်ပြည် ဆိုင်ရာ ကုန်း-ရေ နှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်အကြား ချိတ်ဆက် ဆောင်ရွက်ရေး ပူးတွဲ သဘာပတိ ကြေညာချက်”တို့အား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ၊ ဗီယင်ကျန်း ကြေညာစာတမ်း၌ COVID-19 အလွန်ကာလ စီးပွားရေးပြန်လည်ထူထောင်ရေး၊ ဒေသတွင်း ပေါင်းစည်းဆက်နွှယ်မှု မြှင့်တင်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် အခြေအနေကောင်းများ ဖန်တီးပေး ရေး၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများ ဖြေရှင်းရေးတို့ကို အနာဂတ်ဦးစားပေး လုပ်ငန်းများအဖြစ် ဖော်ပြထားကြောင်း သိရသည်။

အစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနှင့် အစည်းအဝေးသို့ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။ 

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် နိုင်ငံများ၏ အလုံးစုံ ပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက် အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ အား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း(၅၁)ခုအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၃)သန်းအား မြန်မာနိုင်ငံ သို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.