Connect with us

MYANMAR

COVID-19 ကာကွယ်ဆေးအား ပြည်သူများအားလုံးကို တစ်လပြီးတစ်လ ဆက်ပြီး ထိုးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ - အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)ရေးသားသူ/အိမွန်ကျော်

COVID-19 ကာကွယ်ဆေးအား ပြည်သူများအားလုံးကို တစ်လပြီးတစ်လ ဆက်ပြီး ထိုးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့ ကာကွယ်ဆေးတွေရရှိရေးကတော့ ပေးတဲ့နိုင်ငံတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်မတို့ ဝယ်နေတာလည်းရှိတယ်။ လှူမယ့်သူတွေ ကလည်း လှူမယ့်ဟာတွေ ရှိတယ်။ ဒါပေမယ့်လည်း ဟိုဘက်က ပေးနိုင်မှပဲ ကျွန်မတို့ကရမှာပါ။ ဒါပေမယ့် ပုံမှန်ပေါ့ တဖြည်းဖြည်း၊ တဖြည်းဖြည်း၊ တစ်လပြီးတစ်လ၊ တစ်လပြီးတစ်လ ဆက်ပြီးတော့ ပြည်သူတွေအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။ အဲဒါအတွက် အစီအစဉ်တွေ လည်းလုပ်ထားပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများကို ထိခိုက်မှု မရှိအောင် တတ်နိုင်သမျှပံ့ပိုးသည့် ငွေပမာဏသည် အကြမ်းဖျင်းအားဖြင့် ချေးငွေထဲမှ ဘီလီယံတစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း၊ယင်း ဘီလီယံတစ်ထောင်ကျော် အပြင် ရွှေ့ပြောင်းရန်ပုံငွေထဲကဘီလီယံ တစ်ထောင်ကျော်၊ သဘာဝဘေးအန္တရာယ်အတွက်ထဲကဆိုလျှင် ဘီလီယံငါးဆယ်ကျော် အားလုံးပေါင်း ဘီလီယံနှစ်ထောင့် ခြောက်ရာကျော် သုံးခဲ့ပြီးဖြစ်ကြောင်း၊ လိုအပ်သလိုလည်း ဆက်ပြီး သုံးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“မနေ့တုန်းက အထိုးခံ လိုက်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေထဲမှာဆိုရင် သုံးပုံတစ်ပုံလောက် ကတော့ နည်းနည်း ကိုက်ခဲတာတွေ၊ ချမ်းသလို လိုဖြစ်တာတွေ၊ အဖျားရှိသလိုလို နည်းနည်းဖြစ်တာတွေကို ၁၂ နာရီလောက် ကြာတဲ့အခါကျတော့ ဖြစ်လာပါတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ခဏပါပဲ။ နောက်တော့ ကောင်းသွားပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

COVID-19 ထိန်းချုပ်သည့် နေရာတွင်လည်း တဖြည်းဖြည်းတိုးတက်လာကြောင်း၊ ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းကျသွားမည့် သဘောရှိကြောင်း၊
COVID-19ရောဂါအား ထိန်းထားရန် နှာခေါင်းစည်းတပ်ခြင်း၊လက်မှန်မှန် ဆေးခြင်း၊ လူစုလူဝေးဖြစ်အောင် မနေခြင်းနှင့် ခပ်ခွာခွာနေခြင်းများပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အထူးသဖြင့် ကာကွယ်ဆေးပထမအပိုင်း ထိုးပြီးတဲ့ ပြည်သူတွေကို အထူးသတိထားစေချင်ပါတယ်။ ပထမထိုးပြီးတော့ ဒီကြားထဲမှာ ကူးမယ်ဆိုရင် အများကြီး အများကြီး နှမြောစရာကောင်းပါတယ်။ ပထမ ထိုးထားတဲ့ဆေးဟာ အဟောသိကံ ဖြစ်သွားမှာပါ။ နောက်ပြီးတော့ ဒီဆေးတွေရရှိဖို့ အတွက်ဆိုတာ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကလည်း အရေးကြီးတယ်။ ဒါပေမယ့်လည်း ရနိုင်ခြေကလည်း ခက်ခဲတယ်ဆိုတော့ ဒါဟာ အဖိုးတန်တဲ့ ထိုးဆေးတွေပဲဖြစ်ပါတယ်။ အဖိုးတန်တဲ့ ထိုးဆေးဆိုတော့ တစ်လုံးမှကို ကျွန်မတို့က အဖိတ်အစင် မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒါတော့ သတိထားစေချင်ပါတယ်” ဟူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)