Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တော၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများအပေါ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း

စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကြောင်း အမိန့်ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အား ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်၍ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေငြာစာ အမှတ် (၈၉/၂၀၁၆)အား ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုကော်မရှင်သည် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန် ဖြစ်ကြောင်း သိရသည်။စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေ ၊ အတွင်းရေးမှူးး အဖြစ် ပြည်ထောင်စု လွှွတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေ အပါအဝင် စုစုပေါင်း ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

ထိုကော်မရှင်သည် ဖြစ်စဉ် ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်း စစ်ဆေးရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး အတွက် လေ့လာ စိစစ်ပြီး သုံးသပ်ချက် ၊ အကြံပြုချက် နှင့်အတူ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ ဇန်နဝါရီ ၃၁ ရက် အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)