Politics, Law & Military
လက်လုပ်တိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် မူဆယ်မြို့အနီးကျေးရွာတွင် ရွာသားတစ်ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာရှိ လူငယ်ဇရပ်အနီး၌ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသော လက်လုပ်တိုက် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ပလောင် လူမျိုး ဦးအိုက်ရီ၏ ယာဘက် လက်ချောင်း၊ ခြေချောင်းများနှင့် ဝဲဘက်ခြေသလုံးတို့ကို မိုင်းထိမှန်ကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန် ရှိသူများ သွားရောက် စစ်ဆေးနေစဉ် စက်တင်ဘာလ ၆ ရက် နံနက် ၉ နာရီတွင် မူဆယ်မြို့ စယ်လန့်အုပ်စု နမ့်ကတ်ရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆိုင်း ဘုတ်အနီးတစ်ဝိုက်ရှိ လမ်းဘေးချုံ အတွင်း အဝါရောင်တိပ်ဖြင့် ပတ်ထား သည့် မသင်္ကာဖွယ် အထုပ်သုံးထုပ် တွေ့ရှိရကြောင်း နမ့်ကတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်မြေခံတပ်သို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြား သဖြင့် မသင်္ကာဖွယ် အထုပ်သုံးထုပ်ကို စစ်ဆေးရှင်းလင်း ဆောင်ရွက်ခဲ့ရာ လက်လုပ်တိုက်မိုင်း အမျိုးအစားများ ဖြစ်ကြောင်းနှင့် မွန်းတည့်ချိန်တွင် သက်မဲ့လုပ် ရှင်းလင်းခဲ့ကြောင်း သိရ သည်။
မူဆယ်မြို့နှင့် အနီးကျေးရွာများ၏ ဝင်/ထွက်ပေါက်များအား မူဆယ်မြို့ နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်ဇင်၏ လမ်းညွှန်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)