Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း


နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး နယ်မြေ တည်ငြိမ် အေးချမ်းရေး အပါအဝင် အစိုးရအဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ယနေ့နေ့လယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ရှင်းလင်း ပြောကြားခဲ့ သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ကတိပြုကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဒေသတွင်း နေထိုင်သူအားလုံးအား ပေးအပ်သွားရန်၊ ပွင့်လင်း မြင်သာမှု အမြင့်ဆုံး ထား ရှိရန်၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှု အများဆုံး ပြုလုပ်ရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြပ်ကြပ် မတ်မတ် ထိန်းချုပ် ဆောင်ရွက်ရန်၊ ပကတိအခြေအနေမှန်များကို နိုင်ငံတကာ အဖွဲ့အစည်းများက သိရှိနားလည်စေရန်နှင့် လွဲမှားသော သတင်းအချက်အလက်များက အထောက်အကူ မဖြစ်ဘဲ မြန်မာနိုင်ငံကို သတင်းအမှားများ၏ သားကောင်အဖြစ်သို့ ရောက်ရှိစေကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်း များ ဖော်ပြရန်အတွက် ပြည်တွင်း ပြည်ပ မီဒီယာများက အပြုသဘောဖြင့် နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက်ရန် စသည့်အချက်များသည် ရှေ့ဆက် ဆောင်ရွက်ရမည့် လမ်းကြောင်း များ(Way forward) ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ရှင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

“ရခိုင်ပြည်နယ် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေး အင်အား အလုံအလောက် ရှိပါတယ်၊ ရဲအင်အားတွေ တပ်အင်အားတွေ တိုးထားပါတယ်” ဟုလည်း ၎င်းက ဖြေကြားခဲ့သည်။မစ္စတာ ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင် ရာ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်တစ်ရပ်ဖြစ်သည့် ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေအား ပြန်လည် သုံးသပ်သင့်သည် စသည့် အကြံပြုချက်များနှင့် ပတ်သက်ပြီး ဦးသောင်းထွန်းက “ဒါတွေကို လေ့လာ သုံးသပ်ပြီး ဘယ်ဟာကို အရင် လုပ်သင့်သလဲဆိုတာ ဆွေးနွေးပြီးမှ လုပ်ဆောင်သွားပါမယ်” ဟု ဖြေကြားခဲ့သည်။

နေပြည်တော်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ယနေ့ နေ့လယ်ပိုင်း ပြုလုပ်ခဲ့သည့် ရခိုင် ပြည်နယ် အခြေအနေဆိုင်ရာ သတင်းစာရှင်းပွဲ၌ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနှင့် အတူ ပါဝင် ရှင်းလင်းသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးရာမှာ သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ဆောင်ရွက်ပြီး အားလုံးကို မျှမျှတတ ကူညီနိုင် အောင် ကြိုးပမ်းနေပါတယ်၊ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရသူ တွေအားလုံး အတွက် ဒီလုပ်ငန်းကို နှောင့်နှေးမှု မရှိဘဲ မဆိုင်း မတွ ဆောင်ရွက်နေသလို ပိုပြီး ပြန့်နှံ့အောင်နဲ့ ထိထိရောက်ရောက် ဖြစ်အောင်လည်း ဆောင်ရွက် နေပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးက “ကလေးငယ်များ ပျော်ရွှင်စေရေးအတွက် တစ်နိုင်ငံလုံးက လူမှုဝန်ထမ်း လုပ်ငန်း ကျွမ်းကျင်သူတွေ စုလိုက်ပြီး အဖွဲ့ သုံးဖွဲ့ဖွဲ့ပြီး ရွာတွေ စခန်းတွေဆီကို အလှည့်ကျလွှတ်ပြီး ကလေး တွေရဲ့ စိတ်ခံစားမှုတွေ လျော့နည်းအောင် ဆောင်ရွက်နေပါတယ်၊ ဒီလို ဆောင်ရွက်မှုတွေကို ရခိုင် ပြည်နယ်မှာ ပျံ့နှံ့ပြီး ထိထိရောက်ရောက် ဖြစ်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်” ဟုလည်း ပြောခဲ့သည်။

ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုကို အားပေး နှစ်သိမ့်ခြင်း၊ ၎င်းတို့ လုံခြုံရေး အတွက် လုံခြုံရေး တပ်ဖွဲ့၊ တပ်မတော်တို့နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မောင်တောဒေသတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေး ရေး အတွက် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် အခြား လိုအပ်ချက်များကို ဖော်ထုတ် သိရှိပြီး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ဆက်သွယ် ဖြေရှင်း ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို နှောင့်နှေးခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ ကြောင်း၊ အကြမ်းဖက်မှုကို အားမပေးဘဲ မိမိနေရာများတွင် အေးချမ်းစွာ ဥပဒေနှင့်အညီ နေထိုင်လို သော မူဆလင် ဘာသာဝင်များ ရှိကြောင်း၊ ARSA အကြမ်းဖက်သမားများ မိမိတို့ရွာသို့ ဝင်မလာ နိုင်ရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေသော မူဆလင်ရွာများလည်း ရှိနေပြီး ၎င်းတို့အနေဖြင့် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ကို ဆက်သွယ်လာမှုများလည်း ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.