Politics, Law & Military
လူထုဗဟိုပြု စီမံကိန်းအား ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် (၆၃) မြို့နယ်တွင် ဖြန့်ကျက် ဆောင်ရွက် သွားမည်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ကျေးလက်နေ ပြည်သူများ ဆင်းရဲမှု လျော့ကျစေရန် ရည်ရွှယ်၍ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း အတွက် ယခု အခါ နှစ်ရှည် ချေးငွေများအား ကမ္ဘာ့ဘဏ် နှင့် အီတလီ အစိုးရ တို့မှ ကမ်းလှမ်းခဲ့ပြီး ယင်းချေးငွေများဖြင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ မြို့နယ် (၆၃) မြို့နယ်တွင် ဖြန့်ကျက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။
ယခု အခါ စီမံကိန်း ၏ ပွင့်လင်းမြင်သာမှုများ၊ လုပ်ငန်းအောင်မြင်မှုများကြောင့် ကမ္ဘာ့ဘဏ် မှ အမေရိကန်ဒေါ်လာသန်း (၄၀၀) နှင့် အီတလီ အစိုးရမှ ယူရိုသန်း(၂၀) နှစ်ရှည် ချေးငွေများကမ်းလှမ်းခဲ့ပြီး စီမံကိန်းနှစ်ကိုလည်း (၃)နှစ် ဆက်တိုက် အစား(၄)နှစ် ဆက်တိုက်အဖြစ်သို့ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း (၈၀) ဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မှ နမ့်ဆန်မြို့နယ် ၊ ချင်းပြည်နယ်မှ ကန်ပက်လက် မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစုမြို့နယ် တို့တွင် လည်းကောင်း ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်မှ အမ်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္ထရာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ လေးမျက်နှာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ထန်းတပင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပင်လည်ဘူးမြို့နယ် နှင့် နေပြည်တော် ကောင်စီနယ်မြေမှ တပ်ကုန်းမြို့နယ်တို့တွင် လည်းကောင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)