Connect with us

Local

၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကပ်ရောဂါကြောင့် စီးပွါးရေးတိုးတက်မှုကို ၂ ရာခိုင်နှုန်းတွင် ဆက်ထိန်းထားနိုင်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ပုံစာ - ရန်ကုန်မြို့လယ်မြင်ကွင်း အား ညအချိန် တွေ့မြင်ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကပ်ရောဂါကြောင့် ထိခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် စီးပွါးရေးတိုးတက်မှုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတွင်ဆက်ထိန်းထားနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး အသွားအလာကန့်သတ်မှုများ ဖြေလျော့လာပါက ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ စီးပွားရေး တဖြည်းဖြည်းပြန်လည် နာလန်ထူလာနိုင်လိမ့်မည် ဖြစ်ကြောင်း ၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုများ ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်သက်ဝင်လာမှု နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ကုန်ထုတ်စွမ်းအား တိုးမြင့်လာမှုတို့ကြောင့် ကာလလတ်တွင် တိုးတက်မှု အခြေအနေ ကောင်းမွန်လာမည် ဟု မျှော်မှန်းပြီး ပျမ်းမျှအားဖြင့် တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းအထိ ပြန်လည်ခေါင်းထောင်လာမည်ဟု ခန့်မှန်းကြောင်း ၊ သို့သော် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေမှာ သေချာရေရာမှု မရှိသောကြောင့် ထိခိုက်နိုင်ခြေ အန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း ၊ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးသောကြောင့် ကပ်ရောဂါ ကူးစက်မှုလှိုင်းသစ်များ ဖြစ်ပေါ်လာပါက ပိုမိုတင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှုများ ကာလကြာရှည် လုပ်ဆောင်ရဖွယ်ရှိသဖြင့် လုပ်ငန်းများနှောင့်နှေးခြင်း ၊ အလုပ်အကိုင်တိုးပွားမှုကို အဟန့်အတားဖြစ်စေခြင်း နှင့် စုဆောင်းမှုအပြင် ပညာရေး ၊ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရေးတို့ကို အတားအဆီးဖြစ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားစဉ် အသွားအလာကန့်သတ်သည့် တားမြစ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကို ပထမလှိုင်းထက် ပိုမိုထိခိုက်စေခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
မြန်မာ့စီးပွားရေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေးတိုးတက်နှုန်း ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟုခန့်မှန်းကြောင်း ၊ ကမ္ဘာ့ကပ်ရောဂါနှင့် ယင်းကိုထိန်းချုပ်ရန် လုပ်ဆောင်ရသည့် ကန့်သတ်ချက်များကြောင့် စားသုံးမှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ထိခိုက်စေကာ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ လုပ်သားနှင့် သွင်းကုန်ထောက်ပံ့မှုပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)