Connect with us

Politics, Law & Military

သေနတ်ဖြင့် ပစ်ခတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတို့ဖြင့် အလိုရှိတရားခံအားဖမ်းဆီးရမိ

သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရေးအဖွဲ့ တာချီလိတ်)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

သေနတ်ဖြင့် ပစ်ခတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတို့ဖြင့် အလိုရှိတရားခံအား ကျပ်သိန်းပေါင်း (၁၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရေးအဖွဲ့ တာချီလိတ်မှ သတင်းထုတ်ပြန်သည်။

အလိုရှိတရားခံ ဘော်စကို(ခ)အားဂါ (ကျား)သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဒေါ်နန်းနွမ်း ပိုင် နေအိမ်လိုင်းခန်း၊ အခန်းအမှတ်(A-3)တွင် ရောက်ရှိနေကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၁-၈-၂၀၁၆ ရက်နေ့ ၁၈၄၅ အချိန်တွင် ဘော်စကို(ခ)အားဂါ ရောက်ရှိနေထိုင်သော အခန်းအမှတ်(A-3)အား ဝင်ရောက်စီးနင်းရှာဖွေကြောင်း သိရသည်။
ထိုသို့ရှာဖွေစဉ် ဘော်စကို(ခ)အားဂါ နှင့်အတူ စိုင်းရှဲန်တစ် အား အခန်းအတွင်း တွေ့ရှိ ဖမ်းဆီးရမိပြီး အခန်းအား ဆက်လက်ရှာဖွေရာ အိပ်ခန်းဝဲဘက်ထောင့် အဆင့်(၄)ဆင့်ရှိ ကော်ဘီဒိုအပေါ်ဆုံးထပ်မှ ပြောက်ကျားလွယ်အိတ်ဖြင့် ထည့်ထားပြီး အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၁၀)ထုပ်စည်း (၁)စည်း၊ ဆေးပြား (၂၀၀၀)ပြားအား လည်းကောင်း၊ အနက်ရောင်သံဗူးအတွင်းမှ ပန်းသီးတံဆိပ်ပါ အနက်ရောင် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၈)ထုပ်နှင့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၁၅)ထုပ်၊ စုစုပေါင်း (၂၃)ထုပ်၊ ဆေးပြား (၄၆၀၀)ပြားအား လည်းကောင်း၊ မျက်မှန်ထည့်သည့် ဗူးအတွင်းမှ အကြည်ရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၅၀)ပြားစီပါ (၂)ထုပ်၊ (၉၀)ပြားပါ (၁)ထုပ်နှင့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၄၄)ပြားပါ (၁)ထုပ်၊ ဆေးပြား (၂၃၄)ပြားအား လည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား (၆၈၃၄)ပြား၊ အလေးချိန် (၆၈၃.၄)ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၁၀၂.၅)သိန်းခန့်အား တွေ့ရှိသဖြင့် နေအိမ်ခန်းဘေးတွင် ရပ်ထားသည့် ၎င်းတို့ ပိုင်ဆိုင်သည့် Mark II အမျိုးအစား မော်တော်ယာဉ် (၁)စီး၊ YAMAHA MIO အမျိုးအစား ဆိုင်ကယ်(၁)စီးတို့နှင့်အတူ သိမ်းဆည်းခဲ့ပါသည်။
ဆက်လက်ပြီး ဘော်စကို(ခ)အားဂါ ၏ ထွက်ဆိုချက်အရ ၎င်းကိုင်ဆောင်အသုံးပြုသည့် သေနတ်အား တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အားခေရွာရှိ အဒေါ်ဖြစ်သူ ဒေါ်အားဒို ပိုင် ခြံဝင်းနှင့် ကိုက်(၁၀၀)ခန့်အကွာ ရေမြောင်းစပ်တွင် ဝှက်ထားကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၁၀၀ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေရာ အဆိုပါရေမြောင်းစပ်တွင် အနက်ရောင်ကျောပိုးအိတ်ဖြင့် ထည့်၍ ဝှက်ထားသော ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူးသေနတ် (၁)လက်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊သို့ဖြစ်၍ မူးယစ်ဆေးဝါးများ၊ သေနတ်(၁)လက်နှင့်အတူ ဖမ်းဆီးရမိသူ ဘော်စကို(ခ) အားဂါ၊ ၃၁ နှစ် နှင့် စိုင်းရှဲန်တစ် ၊ ၃၂ နှစ်တို့အား တာချီလိတ်မြို့မရဲစခန်း မယ(ပ)၇၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.