Connect with us

Politics, Law & Military

အစိုးရအဖွဲ့အသစ် လက်ထက် မဖြစ်မနေ ကြုံတွေ့ဖြေရှင်း ဆောင်ရွက်ရမည့် အဓိကကိစ္စရပ်များကို သူရဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင်မှ အကြံပြု ပေးပို့

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးရွှေမန်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

အစိုးရအဖွဲ့အသစ်လက်ထက်တွင် မဖြစ်မနေ ကြုံတွေ့ဖြေရှင်း ဆောင်ရွက်ရမည့် အဓိကကိစ္စရပ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် သုံးသပ် အကြံပြုချက်များကို သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှ ပေးပို့တင်ပြထားကြောင်း သိရသည်။

ထိုဆောင်ရွက်ရမည့် လုပ်ငန်းများမှာ တည်ဆဲ ဥပဒေများ ၊ ဆောင်ရွက်သင့်သော လုပ်ငန်းများနှင့် စီမံကိန်းများ ကို ဆောလျင်စွာ ပြန်လည် စိစစ် သုံးသပ် ဆောင်ရွက်ရေး ၊ အခွန်အကောက် ဥပဒေ ၊ တင်ဒါခေါ်ယူခြင်း ကြီးကြပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ နှင့် ရုံးဌာန အသီးသီးရှိ အချို့သော ရုံးအသုံးစရိတ်များ အမှန်တကယ် ကုန်ကျငွေများကို စိစစ်ပြီး ခွင့်ပြုထုတ်ပေးနိုင်ရေး စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် သုံးသပ် တင်ပြချက်များ ပါဝင်ကြောင်း သိရသည်။

ထိုကိစ္စရပ်များမှာ မဖြစ်မနေ ဆောင်ရွက်သင့်သော ကိစ္စရပ်များဖြစ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အဖွဲ့အသစ် စတင် တာဝန်ယူရသော အချိန်မှပင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှသာ ပြည်သူများ၏ မျှော်လင့်ထားသော အပြောင်းအလဲ နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ရရှိလာနိုင်မည် ဖြစ်ကြောင်း သုံးသပ် အကြံပြုချက်များ တင်ပြရာတွင် ပါဝင်ကြောင်း သိရသည်။
ထိုဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံးမှာ အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက် နိုင်သော ကိစ္စများ ရှိသလို အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ရှိသည့်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်၍ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကော်မရှင်၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကာလအတွင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အား ဖေဖော်ဝါရီလ ၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ကော်မရှင် အဖြစ်မှ ရုပ်သိမ်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ ကော်မရှင် အဖြစ် ဖွဲ့စည်းခဲ့သည်။ ယင်းကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွား အတွက် ဘာသာရပ် အသီးသီးနှင့် အစိုးရအဖွဲ့အသစ် လက်ထက်တွင် မဖြစ်မနေ ကြုံတွေ့ဖြေရှင်း ဆောင်ရွက်ရမည့် အဓိက ကိစ္စရပ်များကို လေ့လာ ဆန်းစစ် သုံးသပ်၊ ဆွေးနွေးညှိနှိုင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတို့အား ရှင်းလင်း တင်ပြခဲ့ပြီးနောက် ထိုအဖွဲ့များ၏ ပြန်လည် ဆွေးနွေးချက်များအပေါ် ပြန်လည်စိစစ် ဖြည့်စွက်ဆောင်ရွက်ပြီး ကော်မရှင်၏ နောက်ဆုံး သုံးသပ်အကြံပြုချက်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ပါရန် ကဏ္ဍအလိုက် သုံးသပ် အကြံပြုချက်များနှင့်အတူ ပူးတွဲပေးပို့တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.