Connect with us

Politics, Law & Military

အောင်ဘာလေ ထီစာအုပ် ၁ ဒသမ ၈ သန်းကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေ

ရန်ကုန်မြို့၌ အောင်ဘာလေ ထီအရောင်းဆိုင် တစ်ခုတွင် ထီထိုးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) 

၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ အတွက် ထီစာအုပ် ၃ ဒသမ ၁ သန်းကျော်(၃,၁၀၉,၀၈၄)အုပ် ထုတ်ဝေခဲ့ရာ ထီစာအုပ် ထက်ဝက်ကျော် အရေအတွက်အားဖြင့် အုပ်ရေ ၁ ဒသမ ၈ သန်းကျော် (၁,၈၁၁,၆၈၅)မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။ 

ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “COVID-19 ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေကလဲ အသွားအလာတွေ နည်းသွားတယ် ။ Lock Down လုပ်တာတွေ ရှိတယ် ။ ကားတွေ သွားလာမှု နည်းလာတွေလည်း ရှိတယ် ။ အဓိကတော့ ပြည်သူတွေ အပြင်ထွက်လာတာတွေ နည်းလာတဲ့ အတွက်ကြောင့် ရောင်းဝယ်မှုတွေ နည်းလာတာပေါ့ ။ ဒါကြောင့်မို့ ရောင်းမကုန်တာပါ။ အခုကာလ မှာတော့ ဒီတစ်ခါ အများဆုံးပဲ။ယခင်တုန်းကတော့ အများကြီး အဲလောက်ကျန်တာ မရှိဘူး ။ အများဆုံး ၉ သိန်းလောက် ကျန်တာပဲရှိတယ် ။  အခုကတော့ ဒါကို ပုံမှန်ရောင်းသွားမယ်။ ဒါပေမယ့် ဈေးကွက်ရဲ့ အခြေအနေကတော့ ရောဂါပြန့်နှံ့မှု ၊ တွေ့ရှိမှုအပေါ် မူတည်ပြီး အပြောင်းအလဲတော့ အနည်းငယ် ရှိကောင်းရှိနိုင်ပါတယ် ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ အတွက် ထီစာအုပ် ၁,၂၉၇,၃၉၉ အုပ် ရောင်းချထားပြီး ရောင်းမကုန်ထီလက်မှတ်များအား ပြည်တွင်းအခွန်များ ဦးစီးဌာန၏ Website နှင့် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာသင်ပုန်းတွင် ကြေညာထားကြောင်း သိရသည်။ 

အဆိုပါ ရောင်းချခဲ့ရသည့် ထီစာအုပ် ရောင်းရငွေမှာ ကျပ်သန်း ၁၂,၉၇၃ ဒသမ ၉၉၀ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ထီဆုငွေအဖြစ်  ခွဲဝေချီးမြှင့်ပေးမည့်ငွေမှာ ၇,၇၈၄ ဒသမ ၃၉၄ သန်းဖြစ်ကြောင်း သိရသည်။အဆိုပါ   ခွဲဝေချီးမြှင့်ပေးမည့်   ထီဆုငွေများကို   အထူးဆုကြီးစနစ်မှ   ကျပ်သိန်းတစ်သောင်းငါးထောင်  (၁) ဆု၊ ကျပ်သိန်းတစ်သောင်း  (၁) ဆု၊ ကျပ်သိန်းငါးထောင်  (၁) ဆု၊ ကျပ်သိန်းနှစ်ထောင်  (၂)ဆု၊ ကျပ်သိန်းတစ်ထောင်  (၂)ဆု၊ ဆုတစ်ဆုချင်း   စနစ်မှ   ကျပ်သိန်းငါးရာ  (၁၀)ဆု၊ကျပ်သိန်းနှစ်ရာ  (၁၁) ဆု၊ကျပ်သိန်းတစ်ရာဆု  (၁၂)ဆု၊  ကျပ်သိန်းငါးဆယ်  (၁၂)ဆု၊  ကျပ်သိန်းနှစ်ဆယ်  (၁၅) ဆု၊ ကျပ်တစ်ဆယ်သိန်း  (၁၆) ဆုနှင့်  ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်း  (၆၀)ဆု ၊  ကျပ်နှစ်သိန်း  (၆၀၀) ဆု၊  ကျပ်တစ်သိန်း  (၆၀၀၀) ဆု၊  ကျပ်ငါးသောင်း  (၅၀၀၀၀)ဆုများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ  သန်း (၂၅၀) အား ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်း (၂၀)ဆု၊ ကျပ်နှစ်သိန်း  (၂၀၀)ဆု၊ ကျပ်တစ်သိန်း (၂၀၀၀)ဆု နှင့် ဆုတစ်ဆုချင်းစနစ်မှ ကျပ် တစ်ဆယ်သိန်း  (၄) ဆု တို့ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

ထိုသို့ ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ  ဆုမဲ ပေါ်ထွက်လာပါက   အဆိုပါဆုမဲတန်ဖိုးများအား  စုပေါင်းပြီးအခြားသင့်လျှော်သောဆုမဲများဖြင့် အစားထိုးပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို မေ ၁ ရက် နံနက် ၇ နာရီခွဲအချိန်မှစတင်၍ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)